မော်စကို၊ ဒီဇင်ဘာ ၂၉
မော်စကိုရှိ သက်တမ်းရင့်ပြီး အထူးထင်ရှားသည့် လူ့အခွင့်အရေးအဖွဲ့ တစ်ဖွဲ့ကို ရုရှားအမြင့်ဆုံး တရားရုံးက ပိတ်ပင်ခဲ့ သည်ဟု အေပီသတင်းဌာနက ရေးသားဖော်ပြသည်။
အဆိုပါ ပိတ်ပင်မှုသည် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၊ အမှီအခိုကင်းသော မီဒီယာများနှင့် အတိုက်အခံများကို ထောက်ခံသူများအပေါ် နောက်ဆုံး ဖိနှိပ်မှုဖြစ်ကြောင်း အေပီသတင်းဌာနက ဆက်လက် ရေးသားဖော်ပြသည်။
ဆိုဗီယက်ပြည်ထောင်စု ခေတ်ကတည်းက နိုင်ငံရေးဖိနှိပ်မှုဆိုင်ရာ လေ့လာဆန်းစစ်ချက်များအတွက် နိုင်ငံတကာ၏ ချီးကျူး ဂုဏ်ပြုမှု ခံယူခဲ့ရသော Memorial လူ့အခွင့်အရေးအဖွဲ့ကို ပိတ်သိမ်းရန် ရုရှားတရားရုံးချုပ်က စီရင်ချက်ချခဲ့သဖြင့် နိုင်ငံ တကာအသိုင်းအဝိုင်းတွင် မကျေမနပ် ဖြစ်ခဲ့ကြသည်။
အဆိုပါ Memorial အဖွဲ့ကို ရုရှားနိုင်ငံနှင့် ပြည်ပနိုင်ငံများရှိ အစုအဖွဲ့ငယ် ၅၀ ကျော်ဖြင့် ပေါင်းစပ်ဖွဲ့ထားခြင်း ဖြစ်သည်။ ထိုအဖွဲ့ကို ၂၀၁၆ ခုနှစ်တွင် ရုရှားအစိုးရက နိုင်ငံခြားအေးဂျင့်တစ်ခုဟု ကြေညာခဲ့ခြင်းကြောင့် အစိုးရ၏ ပစ်မှတ်ထားခံရ၍ အသရေဖျက်ရန် ကြံရွယ်သည့် အဓိပ္ပာယ်ဆောင်ခဲ့သည်။
Memorial အဖွဲ့သည် နိုင်ငံခြားအေးဂျင့် တစ်ခုဖြစ်ကြောင်း ၎င်းအဖွဲ့ကိုယ်တိုင် ဖော်ထုတ်ပြသရန် ပျက်ကွက်ခဲ့သည့်အပြင် ဖုံးကွယ်ရန် ကြိုးစားခဲ့ကြောင်း အစိုးရရှေ့နေများက ပြောကြားခဲ့သည်။
ရုံးတော်၌ စစ်ဆေးကြားနာစဉ်အတွင်း ၎င်းအဖွဲ့အနေဖြင့် ယခင်ဆိုဗီယက်ပြည်ထောင်စုကို အကြမ်းဖက်နိုင်ငံအဖြစ် လုပ်ကြံ ဖန်တီးကြောင်း ကျူးလွန်ခဲ့သည်ဟု အစိုးရရှေ့နေများက စွဲချက်တင်ထားကြောင်း၊ ရုရှားအာဏာပိုင်များ၏ ရည်ရွယ်ချက် အမှန်ကို ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရသည်။
“နိုင်ငံရေးအကြမ်းဖက်မှု သမိုင်းကြောင်းကို အစိုးရက စီစဉ်ညွှန်ကြားခြင်းဆိုသည်မှာ ပညာရပ်ပိုင်းဆိုင်ရာအဖြစ် ပညာရှင် များသာ စိတ်ဝင်စားမည့် ကိစ္စမဟုတ်ဟု တရားရုံး ချုပ်၏ စီရင်ချက်က ထပ်မံအတည်ပြုကြောင်း၊ သို့သော် ယနေ့ကာလ၌ ပြင်းထန်သည့် ပြဿနာဖြစ်လာကြောင်း” Memorial အဖွဲ့၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
“Memorial သည် ရုရှားနိုင်ငံသား သန်းပေါင်းများစွာ၏ ကြေကွဲစရာ ဖြတ်သန်းမှုနှင့် ကံကြမ္မာကို အမှန်အတိုင်း သိရရှိရန် လိုအပ်ချက်ကို ကိုယ်စားပြုကြောင်း၊ ထိုလိုအပ်ချက်ကို မည်သူမှ ဖျက်သိမ်း၍ မရကြောင်း” ယင်းထုတ်ပြန်ချက်ထဲတွင် ဆက်လက် ရေးသားထားသည်။
ပုံ- မာရီယာအစ်မောင့်ကိုတွေ့ရစဉ်။
အဆိုပါ စီရင်ချက်ကို အယူခံဝင်မည်ဖြစ်ကြောင်းနှင့် တရားရေးလုပ်ငန်းစဉ် ဆက်လက်ဆောင်ရွက်ရန် ကတိပြုခဲ့ကြောင်း Memorial အဖွဲ့က ထုတ်ပြန်ထားသည်။
“မှန်ပါတယ်။ ဒါက အပြီးသတ်ကိစ္စ မဟုတ်သေးပါဘူး” ဟု တရားခွင်တွင် Memorial အဖွဲ့ကို ကိုယ်စားပြုသည့် ရှေ့နေများ ထဲမှ တစ်ဦးဖြစ်သော မာရီယာအစ်မောင့်က စီရင် ချက်အပြီး၌ ပြောကြားခဲ့သည်။
“ကျမတို့ အယူခံဆက်ဝင်မှာပါ။ Memorial ဟာ လူထုနဲ့အတူ ဆက်ရှိနေပါလိမ့်မယ်။ အကြောင်းကတော့ ဒီလိုကြီးကျယ်တဲ့ ကိစ္စကို ရှေ့တန်းကနေ ဦးဆောင်ဦးရွက်ပြုနေတဲ့ နောက်ကွယ်မှာ လူထုရှိနေလို့ပါပဲ။ ဒါကို ကျမတို့ ဆက်လုပ်ပါမယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ဒီဇင်ဘာ ၂၈ ရက်၌ တရားရုံးရှေ့သို့ စုဝေးရောက်ရှိနေသော လူအုပ်ကြီးက “အရှက်ကွဲပြီ” ဟု ကြွေးကြော်ကြရင်း အဆိုပါ စီရင်ချက်ကို တုံ့ပြန်ခဲ့ကြသည်။ ယင်းသို့ ဆန္ဒလာပြသူ အများအပြားကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
ယခု အပြောင်းအလဲသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ အရပ်ဘက်လူ့အဖွဲ့အစည်းအတွက် မှောင်ကျသောနေ့ ဖြစ်သွားခဲ့ ကြောင်း ဥရောပကောင်စီ၏ အထွေထွေ အတွင်းရေးမှူးချုပ် မာရီဂျာပက်စင်နိုဗစ်ဘူရစ်က မှတ်ချက်ချခဲ့သည်။
အမေရိကန်သံအမတ်ကြီးက ဂျွန်ဆူလီဗန်က “တရားရုံး၏စီရင်ချက်သည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဖိနှိပ်ရန်နှင့် သမိုင်းကို ဖျက်ဆီးရန် ဗြောင်ကျကျ ကြိုးပမ်းမှု” ဟု ရှုတ်ချခဲ့သည်။
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျင်းဗက်လီဒရိန်းကလည်း “နိုင်ငံတကာ NGO အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Memorial ပိတ်သိမ်းခံ ရ ခြင်းသည် ရုရှားပြည်သူများ ဆိုးရွားစွာ ဆုံးရှုံးမှုတစ်ခု” ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
Source: AP