မနီလာ၊ ဒီဇင်ဘာ ၂၉

တောင်တရုတ်ပင်လယ်အတွင်း ဘေဂျင်းနှင့် အငြင်းပွားနေစဉ် ဖိလစ်ပိုင်က တောင်ကိုရီးယားနိုင်ငံ ဟွန်ဒိုင်း အကြီးစားစက်မှုလုပ်ငန်းထံမှ စစ်သင်္ဘောနှစ်စင်းကို မှာယူထားကြောင်း၊ မနီလာရေတပ်ကို ခေတ်မီအောင် လုပ်ဆောင်နေကြောင်း ဖိလစ်ပိုင်ကာကွယ်ရေးအတွင်းဝန် ဒဲဖန်လိုရန်ဇာနာက ဒီဇင်ဘာ ၂၈ ရက်၌ ပြောကြားခဲ့သည်ဟု အေအက်ဖ်ပီသတင်းကို ကိုးကားလျက် Channel News Asia က ရေးသားဖော်ပြသည်။

၎င်းရေတပ်သည် မကြာသေးမီ ဆယ်စုနှစ်များအတွင်း ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်တိုက်ရေယာဉ်များ ဆက်လက်သုံးစွဲရသည်အထိ ဆုတ်ယုတ်သွားခဲ့သော်လည်း ၂၀၁၀ ပြည့်နှစ်၌ လက်ရှိသမ္မတရိုဒရီဂိုဒူတာတေး မတိုင်မီ သမ္မတ ဘီနစ်နိုအကွီနိုလက်ထက်တွင် ခေတ်မီဆန်းသစ်သည့်အစီအစဉ်များကို စတင်နိုင်ခဲ့သည်။

ဖရီးဂိတ်စစ်သင်္ဘောနှစ်စင်း ထုတ်လုပ်ပေးရန်အတွက် ဖိလစ်ပိုင်ရေတပ်နှင့် တောင်ကိုရီးယား သင်္ဘောကုမ္ပဏီ တို့သည် ဒီဇင်ဘာ ၂၈ ရက်တွင် ဖိလစ်ပိုင်ငွေကြေး ပီဆို ၂၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၅၆ သန်း) တန်ဖိုး သဘောတူညီမှုရရှိခဲ့ကြသည်။

ကော်ဗက်တက်စ်နှင့် ဖရီးဂိတ်တို့သည် အခြားသင်္ဘောများ တိုက်ခိုက်ခြင်းမှ ကာကွယ်ရန် အဓိကစွမ်းဆောင်ရည် ရှိပြီး သေးငယ်လျင်မြန်သည့် စစ်သင်္ဘောအမျိုးအစားများဖြစ်ကြသည်။

“ဒီ စီမံကိန်းကနေ ဖိလစ်ပိုင်ရေတပ်အတွက် သင်္ဘောချင်းတိုက်ခိုက်မှု၊ ရေငုပ်သင်္ဘောတိုက်ခိုက်မှုနဲ့ ဝေဟင် စစ်ဆင်ရေးစတဲ့ စွမ်းဆောင်ရည်ရှိတဲ့ ခေတ်မီရေတပ်သုံး စစ်သင်္ဘောနှစ်စင်းကို လွှဲအပ်သွားဖို့ ရှိပါတယ်”ဟု ဖိလစ်ပိုင်ကာကွယ်ရေးအတွင်းဝန်က မနီလာမြို့တွင် ကျင်းပသည့် နှစ်ဘက်သဘောတူလက်မှတ်ရေးထိုးပွဲ၌ ပြောကြားခဲ့သည်။

“အခု သဘောတူညီချက်ကနေ ကျနော်တို့ရဲ့ ရှိရင်းစွဲပိုင်ဆိုင်မှုတွေနဲ့ အပြန်အလှန်လုပ်ဆောင်မှုကို သေချာစေ မှာဖြစ်ပါတယ်။ သင်္ဘော ပြုပြင်ထိန်းသိမ်းရေးကိစ္စတွေလည်း ပါဝင်မှာဖြစ်ပါတယ်” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ဘေဂျင်းနှင့် အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်တွင် ဖိလစ်ပိုင်ရပ်တည်မှုကို ပိုမိုအားကောင်းစေရန် ကြိုးပမ်းမှုအဖြစ် မနီလာအစိုးရသည် ဩစတြေးလျထံမှ ကမ်းတက်ရေယာဉ်ဟောင်းနှစ်စင်းနှင့် ဂျပန်ထံမှ ကမ်းခြေစောင့်ကင်းလှည့်ရေယာဉ်များကို ဝယ်ယူဖြည့်တင်းခဲ့ပြီးဖြစ်သည်။

နှစ်စဉ် ကုန်သွယ်မှုတန်ဖိုး ဒေါ်လာထရီလီယံပေါင်းများစွာ ရရှိနေသည့် ရေကြောင်းလမ်းအားလုံးနီးပါးကို ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ ဗီယက်နမ်တို့နှင့်အတူ တရုတ်နိုင်ငံကလည်း တောင်းဆိုမှုများ ရှိနေသည်။

တောင်တရုတ်ပင်လယ်အရေးကိစ္စနှင့်ပတ်သက်၍ သမိုင်းကြောင်းအရ “သည်ဟိဂ်မြို့” အခြေစိုက် အနုညာတခုံရုံး ၏ ၂၀၁၆ စီရင်ချက်ကို ဘေဂျင်းက အခြေအမြစ်မရှိဟုဆို၍ လျစ်လျူရှုထားသည်။

 

Source: AFP, Channel News Asia