CNI News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၉

ကယားပြည်နယ်နှင့် ကရင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးနီးပါးတွင် စစ်အာဏာရှင်၏ ရက်စက် ကြမ်းကြုတ် သည့် လုပ်ရပ်အပေါ် မိမိတို့  စိုးရိမ်မိပါကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဘလင်ကင်က ယနေ့(ဒီဇင်ဘာ ၂၉) ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၄ ရက်က ကယားပြည်နယ်တွင် ကျူးလွန်ခဲ့သည့် မြန်မာ့တပ်မတော်၏ တိုက်ခိုက်မှုများအပေါ် အမေရိကန်ပြည်ထောင်စုမှ ကန့်ကွက်ရှုတ်ချပါကြောင်း၊ အနည်းဆုံး လူ ၃၅ ဦးခန့် သေဆုံးခဲ့ရသည့် အဆိုပါ တိုက်ခိုက်မှုတွင် အမျိုးသမီးများနှင့် ကလေးငယ်များ အပါအဝင် နိုင်ငံတကာအကူအညီပေးရေး အဖွဲ့အစည်း တစ်ခုဖြစ်သည့် Save the Children အဖွဲ့မှ ဝန်ထမ်းနှစ်ဦးလည်း  ပါဝင်ကြောင်း ဖော်ပြထားသည်။

မစ္စတာဘလင်ကင်က “ယခုလတ်တလော ကယားပြည်နယ်နှင့် ကရင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံ တစ်ဝန်းလုံးနီးပါးတွင် စစ်အာဏာရှင်၏ ရက်စက်ကြမ်းကြုတ်သည့်လုပ်ရပ်အပေါ် မိမိတို့  စိုးရိမ်မိပါသည်။ အပြစ်မဲ့ပြည်သူ များနှင့် လူသားချင်း စာနာမှု အကူအညီ ပေးအပ်နေသူများကို ပစ်မှတ်ထားခြင်းကို လက်ခံနိုင်စရာ မရှိပါ။ မြန်မာပြည်သူများ အပေါ် စစ်တပ်၏ ကျယ်ကျယ်ပြန့်ပြန့် ရက်စက်သည့် လုပ်ရပ်များသည် စစ်တပ်တာဝန်ရှိသူများကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိ စေ၍ စစ်တပ် အနေဖြင့် ပြစ်ဒဏ်ခံရခြင်းမှ ကင်းလွတ်နေသည့် အစဉ်အလာကို အလျင်အမြန် အဆုံးသတ်ရန် လိုအပ်လျက် ရှိကြောင်း မီးမောင်းထိုးပြနေပါသည်” ဟု ပြောသည်။

နိုင်ငံတကာ အသိုင်းအဝန်းအနေဖြင့် စစ်လက်နက် ပစ္စည်းများနှင့် စစ်ဖက်/အရပ်ဖက်သုံး နည်းပညာများအား တပ်မတော်သို့ ရောင်းချမှု ရပ်ဆိုင်းခြင်း ကဲ့သို့သော မြန်မာနိုင်ငံအတွင်း ရက်စက်သည့် လုပ်ရပ်များ ထပ်မံ မဖြစ်ပွားစေရေး တားဆီးမှုမျိုးကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်ရန် လိုအပ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ပုံ-အမေရိကန် နိုင်ငံခြားရေးဝန်ကြီး၏ ထုတ်ပြန်ချက်။

၎င်းက “မြန်မာနိုင်ငံကို ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိစေရန် ဆက်လက် တွန်းအား ပေး သွားမည်ဖြစ်သည်။ လူသားချင်းစာနာမှု အကူအညီ ပေးအပ်နေသူများ၏ လုံခြုံရေး သေချာမှုရှိစေရန်နှင့် မြန်မာပြည်သူများ အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးအပ်နေသည့် သူများအား လွတ်လပ်စွာ အတား အဆီးမရှိ အကူအညီ ပေးခွင့်ပြုရန် မြန်မာစစ်အာဏာရှင်ကို မိမိတို့ တောင်းဆိုပါသည်”ဟု ပြောသည်။

ဖေဖော်ဝါရီ ၁ ရက် တပ်မတော်မှ နိုင်ငံတော်အာဏာကို ရယူလိုက်သည့် အချိန်မှစပြီး အမေရိကန်ပြည်ထောင်စုသည် မြန်မာ့ တပ်မတော်၊ တပ်မတော်ခေါင်းဆောင်များနှင့် ၎င်းတို့၏ ဘဏ္ဍာရေး အကျိုးစီးပွားများကို ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခြင်းနှင့် နိုင်ငံတကာ ဘဏ္ဍာရေးစနစ်အတွင်း ၎င်းတို့ ဝင်ရောက်နိုင်မှု ဟန့်တားရေးတို့ကို ဆောင်ရွက်ခဲ့ကြောင်း ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့နောက် ၎င်းတို့၏ မိတ်ဖက်များ၊ မဟာမိတ်များနှင့်အတူ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား(IIMM)ကို ပံ့ပိုးကူညီခြင်းကဲ့သို့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး တိုးမြှင့်ဆောင်ရွက်ခြင်းကို ဆက်လက် လုပ်ဆောင် သွားမည်ဟု ပြောသည်။

နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံ ပြည်တွင်းရေးကို နိုင်ငံတကာသံတမန်များ၊ အဖွဲ့အစည်းများနှင့် လူ ပုဂ္ဂိုလ်များက ဝင်ရောက် စွက်ဖက်နေခြင်း ပြုလုပ်နေခြင်းသည် မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးနှောင့်ယှက်ခြင်း ဖြစ်သည့်အတွက် မြန်မာနိုင်ငံပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခြင်းမလုပ်ရန် ထုတ်ပြန်ထားသည်။