CNI News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၈

နစကကို နိုင်ငံတကာ ခုံရုံးအသီးသီးတွင် ထိရောက်စွာ အပြစ်ပေး အရေးယူနိုင်ရေး ဆောင်ရွက်ပေးရန် နိုင်ငံ တကာအဖွဲ့အစည်းများအား တောင်းဆိုကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က ယနေ့ (ဒီဇင်ဘာ ၂၈ ရက်)တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်း မီးရှို့သတ်ဖြတ်ခြင်း၊ ဆန္ဒဖော်ထုတ်သူများ ကို ကားဖြင့်တိုက်၍ ဖြိုခွင်းဖမ်းဆီးခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ကျူးလွန်ခြင်းကြောင့် နစက (မူရင်း-စစ်ကောင်စီ)ကို အရေးယူပေးရန် တောင်းဆိုကြောင်း ဖော်ပြထားသည်။

NUCC က “မြန်မာနိုင်ငံအတွင်းရှိ အပြစ်မဲ့အရပ်သား ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ် အပေါ် ကျူးလွန်သော ရာဇဝတ်မှုများနှင့် လူမျိုးသုဉ်းသတ်ဖြတ်မှုများကို ထပ်တလဲလဲ ကျူးလွန်နေသော စစ်ကောင်စီ အား အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ပေးရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာအစိုးရများအား တောင်းဆိုသည်”ဟု ပြောသည်။

ထို့နောက် ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိနေသည့် အလေ့အထအား ရပ်တန့်နိုင်စေရန် နစက(မူရင်း-စစ်ကောင်စီ) ကို နိုင်ငံတကာ ခုံရုံးအသီးသီးတွင် ထိရောက်စွာ အပြစ်ပေး အရေးယူနိုင်ရေး ဆောင်ရွက်ပေးရန် နိုင်ငံတကာ အဖွဲ့ အစည်းများအား တောင်းဆိုသည်ဟုလည်း NUCC ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

NUCC က “စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုများကို ခံစားနေရသည့် ဒေသများတွင် လေယာဉ်မပျံသန်းရ ဇုန် သတ်မှတ်ရေးနှင့်စစ်ကောင်စီအား လက်နက်တင်ပို့မှု ပိတ်ဆို့ရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အား တောင်းဆိုသည်”ဟု ပြောသည်။

ထို့ပြင် ထွက်ပြေးတိမ်းရှောင်နေရသည့် တိုက်ပွဲရှောင်များအား ထိရောက်လျင်မြန်သည့် လူသားချင်းစာနာမှု အကူ အညီများ ပံ့ပိုးပေးရန် နိုင်ငံတကာ အသိုင်းအဝိုင်းကို တောင်းဆိုသည်ဟုလည်း NUCC ၏ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားသည်။

NUCC သည် နွေဦးတော်လှန်ရေးကို ဦးဆောင်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ အတိုင်ပင်ခံ ကောင်စီ ဖြစ်သလို ဖက်ဒရယ်ပဋိညာဉ် အပိုင်း(၁-၂)ကို ရေးဆွဲသည့် အဖွဲ့အစည်းလည်း ဖြစ်သည်။

ထို့အဖွဲ့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ သပိတ်ခေါင်းဆောင်များ စသည့် အလွှာ အသီးသီးမှ ပုဂ္ဂိုလ်များ ပါဝင်ကြသည်။