CNI International News

မင့်စ်၊ ဒီဇင်ဘာ ၂၈

ဘီလာရုစ်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် အဆိုပြုသည့် မူကြမ်းကို ဒီဇင်ဘာ ၂၇ ရက်က ထုတ်ပြန်ခဲ့ကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

လပေါင်းများစွာ ဆန္ဒပြမှုများအပြီး ယခု အခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေးသည် သမ္မတ အလက်ဇန္ဒားလူကာရှန်ကို အနေ ဖြင့် အာဏာဆက်လက် ဆုတ်ကိုင်ထားနိုင်စေမည်ဖြစ်ပြီး ၂၀၃၅ ခုနှစ်အထိ ၎င်း၏ရာထူးတည်တံ့ရန် ဦးတည်ရေးဆွဲထား သည်။ 

ယခု အဆိုပြုလာသော အခြေခံဥပဒေပြင်ဆင်ချက်များကို သမ္မတ၏ တရားဝင် ဝက်ဘ်ဆိုက်နှင့် အစိုးရအာဘော် ဘယ်လ်တာ (Belta) သတင်းဌာန ဝက်ဘ်ဘ်ဆိုက်တို့တွင် လွှင့် တင်ထားပြီး အခြေခံဥပဒေ အပြောင်းအလဲနှင့်ပတ်သက်၍ မိမိတို့ကိုယ်စီ သဘောထားမှတ်ချက်များ၊ အကြံပြုချက်များကို ဝက်ဘ်ဆိုက်တွင် ဝင်ရောက်ရေးသားကြရန် ဘီလာရုစ်ပြည်သူများကို တိုက် တွန်းထားသည်။

အဆိုပါ ဥပဒေပြင်ဆင်ချက်များသည် လူကာရှန်ကို၏ ရာထူးသက်တမ်းအတွင်း ဖျက်သိမ်းခံခဲ့ရသော ကန့်သတ်ချက်များကို ပြန်လည်ရရှိစေသည်။ ဖျက်သိမ်းခဲ့သော ကန့်သတ် ချက်များအနက် သမ္မတတစ်ဦးလျှင် ငါးနှစ်သက်တမ်းနှုန်းဖြင့် နှစ်ကြိမ်သာ ထမ်းဆောင်ခွင့် ပေးထားသည်။

ထို့ပြင် လူကာရှန်ကိုအတွက် ၎င်း၏ လက်ရှိရာထူးသက်တမ်းမှာ ၂၀၂၅ ခုနှစ်အရောက်တွင် ကုန်ဆုံးမည်ဖြစ်သော်လည်း နောက်ထပ် သက်တမ်းနှစ်ဆက်အတွက် ယှဉ်ပြိုင်ရန် ယခုအခြေခံဥပဒေပြင်ဆင်ချက်က အခွင့်အရေးပေးမည်ဟု သိရသည်။

“လူကာရှန်ကိုဟာ သူ့အသက် ၈၁ နှစ်အထိ ဆက်လုပ်နိုင်ဖို့ အနည်းဆုံး ၂၀၃၅ ခုနှစ်အထိ သူ့ကိုယ်သူ သမ္မတရာထူးမှာ ရှိရေး အတွက် လမ်းကြောင်းဖွင့်တာပဲ” ဟု လွတ်လပ်စွာ နိုင်ငံ‌ရေးလေ့လာသုံးသပ်သူ ဗယ်လာရီကာဘာလီဗစ်က အေပီသတင်း ဌာနသို့ ပြောသည်။

ဖွဲ့စည်းပုံအခြေခံအပေါ် အခြားပြောင်းလဲပြင်ဆင်မှုများတွင် လွှတ်တော်သက်တမ်းကို ၄ နှစ်မှ ၅ နှစ်အထိ သက်တမ်းတိုးခြင်း၊ လွှတ်တော်နှင့် အပြိုင်လုပ်ဆောင်မည့် ဘီလာရုစ် ပြည်သူ့ညီလာခံကို အသစ်မိတ်ဆက်ခြင်းနှင့် ခေတ်အဆက်ဆက် တာဝန်ယူခဲ့ဖူးသော သမ္မတဟောင်းများကို နောက်ကြောင်းပြန်အရေးယူခြင်းမှ ကင်းလွတ်ခြင်းတို့လည်း ပါဝင်သည်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျင်းပရန် စီစဉ်ထားသည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဖြင့် ယခုအခြေခံဥပဒေ ပြင်ဆင်ချက် များကို အတည်ပြုမည်ဖြစ်သည်။ ယင်းဆန္ဒခံယူပွဲသို့ လာရောက်၍ ထောက်ခံမဲပေးမှု စုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းကျော်လျှင် ပင် ဥပဒေပြင်ဆင်ချက်များကို အတည်ပြုမည်ဟု အေပီသတင်းအရ သိရသည်။

Source: AP