တီဟီရန်၊ ဒီဇင်ဘာ ၂၈

ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် အီရန်တို့၏ ၂၀၁၅ ခုနှစ်က အထင်ကရ နျူကလီးယားသဘောတူညီချက် (JCPOA) ကို ပြန်လည် ရယူနိုင်ရန်အတွက် ဥရောပရှိ ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့တော်တွင် အီရန်အရေးအတွက် အဋ္ဌမအကြိမ်မြောက် ဖြစ်နိုင်ခြေရှိသော နောက်ဆုံးအကြိမ်ဆွေးနွေးပွဲကို သတိကြီးကြီးဖြင့် ဒီဇင်ဘာ ၂၇ ရက်၌ စတင်လိုက်ကြောင်း အယ်လ်ဂျာ ဇီးယား သတင်းတစ်ပုဒ်တွင် တွေ့ရသည်။

အဆိုပါ နျူကလီးယား သဘောတူညီချက် (JCPOA) တွင် ပါဝင်ခဲ့သူ လက်ကျန်များ၏ ပူးတွဲကော်မရှင် အစည်းအဝေးကို ဒီဇင်ဘာ ၂၇ ရက် ညပိုင်းတွင် ကျင်းပပြီးစီးခဲ့ပြီး မတူကွဲပြားသော ကိုယ်စားလှယ်များအကြား နှစ်ဘက်တွေ့ဆုံမှု၊ သုံးပွင့်ဆိုင် တွေ့ဆုံမှု စသဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြသည်။

သို့သော် ၂၀၁၈ ခုနှစ်တွင် အမေရိကန်က ယင်းသဘောတူညီချက်ကို တဖက်သတ် စွန့်လွှတ်ခဲ့ပြီးနောက် တီဟီရန်နှင့် တိုက်ရိုက် ဆွေးနွေးရေး ဝါရှင်တန်ဘက်မှ ငြင်းခဲ့၍ အီရန်နှင့်အမေရိကန် ကိုယ်စားလှယ်တို့ တွေ့ဆုံနိုင်ခဲ့ခြင်း မရှိပေ။

ဗီယင်နာမြို့ရှိ ပါလိယက်ကိုဘတ် (Palais Coburg) နန်းတော်တွင် အဓိကတွေ့ဆုံပွဲအပြီးတွင် အီရန်ဘက်မှ စေ့စပ်ညှိနှိုင်းရေး အရာရှိချုပ် အလီဘက်ဟီရီကနီက “မိမိတို့ကိုယ်စား လှယ်များသည် ၁၀ ရက်စော၍ ပြီးစီးခဲ့သော သတ္တမအကြိမ်မြောက် အစည်းအဝေးတုန်းကတော့ တိုးတက်ကောင်းမွန်သည့် သဘောတူညီမှုရလဒ်များ ရခဲ့ကြောင်းနှင့် ယခုဆွေးနွေးမှုများ ရှေ့ ဆက်ရန် သင့်လျော်သည့် မူဘောင်တစ်ခု ဆုံးဖြတ်နိုင်ခဲ့ကြောင်း” ပြောကြားခဲ့သည်။

ပုံ-အီရန်နျူကလီးယားဆွေးနွေးပွဲကိုတွေ့ရစဉ်။(GETTY IMAGES)

“အခု ပူးတွဲကော်မရှင်အစည်းအဝေးမှာ (အီရန်အပေါ်) ပိတ်ဆို့အရေးယူမှုတွေ ဖယ်ရှားရေး ဦးစားပေး ဆောင်ရွက်ဖို့ အရေး ကြီးကြောင်းနဲ့ အဋ္ဌမအကြိမ် ညှိနှိုင်းမှုမှာ စိစစ်လုပ် ဆောင်ရေးနဲ့ အာမခံချက်တွေကို နှစ်ဘက်စလုံးက အလေးပေး ဆွေးနွေးခဲ့ ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

စေ့စပ်ညှိနှိုင်းမှုများကို ဒီဇင်ဘာ ၂၈ ရက် (ယနေ့)တွင် ဆက်လက် လုပ်ဆောင်နေကြောင်းနှင့် ၎င်းတို့ အီရန် ကိုယ်စားလှယ် အဖွဲ့သည် တီဟီရန်အစိုးရအနေဖြင့် လက်ခံနိုင်သော သဘောတူညီချက် မရမချင်း ဗီယင်နာ၌ ဆက်ရှိနေရန် အဆင်သင့်ပင် ဖြစ်ကြောင်း အလီဘက်ဟီရီကနီက ရှင်းပြခဲ့သည်။

ဒေါ်နယ်ထရမ့် လက်ထက်က JCPOA ဆွေးနွေးပွဲကို အမေရိကန် ကျောခိုင်းသွားခဲ့ဖူးခြင်းကြောင့် ယခုတဖန် ဆွေးနွေးပွဲမှ အမေရိကန် မထွက်ခွာရေးနှင့် ပိတ်ဆို့ဒဏ်ခတ်မှု အပြည့်အဝ ဖြေလျော့ပေးရေးတို့ကို အီရန်က တောင်းဆိုနေခဲ့သည်။ ထို့ပြင် ပိတ်ဆို့ဒဏ်ခတ်မှုများ ထိရောက်စွာ ဖြေလျော့ပေးမည့် ကာလတစ်ခု သိခွင့်ရရေးကိုလည်း အီရန်က လိုလားနေသည်။

Source: Aljazeera