ပြုံယမ်း၊ ဒီဇင်ဘာ ၂၈

ကင်မ်ဂျုံအန်း အာဏာရခြင်း ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မြောက်ကိုရီးယားအစိုးရက ဒီဇင်ဘာ ၂၇ ရက်တွင် အရေးပါ သည့် နိုင်ငံရေးဆိုင်ရာ အစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့ကြောင်း အေပီသတင်းက ဖော်ပြခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ယခင်စီမံကိန်းများကို ပြန်လည်သုံးသပ်ကာ ကပ်ရောဂါ ဖြစ်ပွားနေချိန်၊ အမေရိကန်နှင့် သံတမန် ဆက်ဆံရေး ပိတ်ဆို့နေချိန်အတွင်း မူဝါဒအသစ်များ ချမှတ်ရန် ဆွေးနွေးခဲ့ကြကြောင်း အေပီက ဆက်လက်ဖော်ပြထားသည်။

ခေါင်းဆောင် ကင်မ်ဂျုံအန်းသည် အာဏာရ အလုပ်သမားပါတီ၏ ဗဟိုကော်မတီ မျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက် ခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရအာဘော် ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA) က ဒီဇင်ဘာ ၂၈ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သော်လည်း ၎င်းသတင်းတွင် ကင်မ်၏ သဘောထားမှတ်ချက် တစ်စုံတစ်ရာ မတွေ့ရပေ။

အစည်းအဝေးအတွင်း ကြိုတင် သတ်မှတ်မထားသော အစီအစဉ်များကို အတည်ပြုခဲ့ပြီး ထိုအစီအစဉ်များကို အဓိကထား ဆွေးနွေးခဲ့ကြောင်း KCNA က သတင်း ဆက်လက် ထုတ်ပြန်ခဲ့သည်။

ယခုအစည်းအဝေး၌ ယခုနှစ်အတွင်း အဓိကမူဝါဒများကို ပြန်လည်သုံးသပ်ပြီး “ကျနော်တို့ပါတီနဲ့ ပြည်သူတွေရဲ့ အောင်ပွဲကို တွန်းအားပေးလမ်းပြဖို့ မဟာဗျူဟာနဲ့ နည်းဗျူဟာဆိုင်ရာ မူဝါဒတွေနဲ့ လက်တွေ့ကျတဲ့ လုပ်ငန်းတာဝန်တွေကို အဆုံး အဖြတ်ပေးမှာ ဖြစ်ပါတယ်” အဆိုပါသတင်း၌ ရေးသားထားသည်။

အဆိုပါ မျက်နှာစုံညီ အစည်းအဝေးသည် မြောက်ကိုရီးယား၏ အမြင့်ဆုံးအဆင့် ဆုံးဖြတ်ချက်ချသည့် အစည်းအဝေးတစ်ခု ဖြစ်သည်။ ကင်မ်သည် ယခင်ကလည်း အမေရိကန်၊ တောင်ကိုရီးယား စသည့် နိုင်ငံများနှင့် ဆက်ဆံရေး (သို့မဟုတ်) ၎င်းနိုင်ငံ ၏ နျူကလီးယား အစီအစဉ်တို့နှင့် ပတ်သက်သည့် ရပ်တည်ချက်များကို ကြေညာရန် အလားတူ မျက်နှာစုံညီ အစည်းအဝေး များကို ခေါ်ယူကျင်းပ စေခဲ့သည်။


ပုံ- ကင်မ်ဂျုံအန်း အစည်းအဝေး ကျင်းပနေစဉ်။(KCNA)

ယခု ရက်သတ္တပတ်သည် မည်မျှကြာမြင့်မည်ကို မသိရသေးပေ။ ၂၀၁၉ ခုနှစ် မျက်နှာစုံညီ အစည်းအဝေးတုန်းကတော့ ၄ ရက် ကြာ ကျင်းပခဲ့ခြင်း ဖြစ်သည်။

၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖခင်ဖြစ်သူ အာဏာရှင် ကင်မ်ဂျုံအီ ကွယ်လွန်ပြီးနောက် ကင်မ်ဂျုံအန်းသည် ပြည်တွင်း၌ အကြွင်းမဲ့အာဏာ ဆက်လက် ထူထောင်ခဲ့ပြီး မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်လက်နက်များကို အခိုင်အမာ တည်ဆောက်ခဲ့သည်။

 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ၊ ကုလသမဂ္ဂ၏ ပိတ်ဆို့ အရေးယူးများနှင့် စီမံခန့်ခွဲမှု အမှားများကြောင့် မြောက်ကိုရီးယား စီးပွားပျက်ခဲ့ရသော်လည်း နိုင်ငံရေးလေ့လာသုံးသပ်သူ အနည်းအကျဉ်းတို့ကတော့ ကင်မ်ဂျုံအန်း၏ အာဏာချုပ်ကိုင် ထားမှု အပေါ် မေးခွန်းထုတ်နေကြဆဲဖြစ်သည်။

၂၀၁၆-၁၇ ခုနှစ်အတွင်း နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီးနောက် ကင်မ်ဂျုံအန်းသည် ၎င်း ပိုင်ဆိုင်ထားသည့် လက်နက်များ၏ အနာဂတ်နှင့်ပတ် သက်၍ ဆွေးနွေးရန်အတွက် ထိုစဉ်က အမေရိကန်သမ္မတဖြစ်သူ ဒေါ်နယ်ထရမ့်နှင့် ထိပ်သီးဆွေးနွေးပွဲများ တက်ရောက်ခဲ့သည်။

နျူကလီးယားကင်းစင်ရေး တစ်စိတ်တစ်ပိုင်း ခြေလှမ်းများအတွက် မြောက်ကိုရီးယားအပေါ် အမေရိကန် ဒဏ်ခတ် ပိတ်ဆို့ မှုများ မည်မျှလျှော့ပေးမလဲ စသည့် အပေးအယူလုပ်ရေး အငြင်းပွားမှုများကြောင့် ၂၀၁၉ ခုနှစ်တွင် ဝါရှင်တန်နှင့် ဆွေးနွေး ပွဲများ တစ်ခန်းရပ်သွားခဲ့သည်။

Source: AP