ဒမတ်စကက်၊ ဒီဇင်ဘာ ၂၈

ဆီးရီးယား၏ အရေးပါသော နေရာများကို ပစ်မှတ်ထား၍မြေထဲပင်လယ်မှ အစ္စရေးဒုံးကျည်များ ဒီဇင်ဘာ ၂၈ ရက် အစောပိုင်းက ဆီးရီးယားနိုင်ငံရှိ ဆိပ်ကမ်းတစ်ခုဖြစ်သည့် လာတာ ကီယာ(Latakia)ကို ဒုတိယအကြိမ်မြောက် တိုက် ခိုက်ခဲ့ကြောင်း ဆီးရီးယားနိုင်ငံပိုင် မီဒီယာက သတင်းထုတ်ပြန်ခဲ့သည်ဟု အေပီက ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုသည် ယခုလ (ဒီဇင်ဘာလ)အတွင်း ဒုတိယအကြိမ်ဖြစ်ကြောင်း ဆီးရီးယားဘက်က ပြောသည်။

ဆယ်စုနှစ်တစ်ခုကြာ ပြည်တွင်းစစ်နှင့် အနောက်အုပ်စု၏ ပိတ်ဆို့ အရေးယူမှုများကြောင့် တစစီကျိုးပဲ့ခဲ့ရသော ဆီးရီးယား အတွက် သွင်းကုန်အများစု ဝန်ဆောင်မှုပေးနေသည့် ဆိပ်ကမ်းကို ရှားရှားပါးပါး ပစ်မှတ်ထား တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

လာတာကီယာ ဆိပ်ကမ်း၏ အနောက်ဘက်မှ ပစ်ခတ်လိုက်သော အစ္စရေးဒုံးကျည်များသည် ကွန်တိန်နာဂိတ်ကို ထိမှတ်ခဲ့ပြီး အပျက်အစီး ကြီးမားစွာဖြင့် မီးလောင်ကျွမ်းခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနဖြစ်သည့် SANA က သတင်းထုတ်ပြန်ခဲ့သည်။

မီးလောင်မှုကြောင့် မီးသတ်သမားများ တစ်နာရီခန့်ကြာအောင် ကြိုးစားငြှိမ်းသတ်ခဲ့ရကြောင်း အမည်မဖော်လိုသူ အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဆီးရီးယားအစိုးရအာဘော် Al-Ikhbariyah ရုပ်သံလိုင်းက ဆိပ်ကမ်းမှ မီးတောက်နှင့် မီးခိုးလုံးများ တက်လာပုံကို ထုတ်လွှင့် ပြသခဲ့ပြီး ဆိပ်ကမ်းအနီးတဝိုက်ရှိ လူနေအဆောက် အဦးများ၊ ဆေးရုံ၊ ဈေးဆိုင်နှင့် ခရီးသွားလုပ်ငန်းနေရာတချို့ ပျက်စီးခဲ့ရ ကြောင်း သတင်းဖော်ပြသည်။

SANA သတင်းဌာန၏အဆိုအရ ဆီးရီးယား လေကြောင်းကာကွယ်ရေးစနစ်ကို အကဲစမ်းသည့် ယခု ဒုံးကျည်တိုက်ခိုက်မှုများ နှင့် ပတ်သက်၍ သေဆုံး/ဒဏ်ရာ ရရှိသူအခြေအနေများကို လတ်တလော သတင်းထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။

ယခုလဆန်းပိုင်း ဒီဇင်ဘာ ၇ ရက်ကလည်း အစ္စရေး စစ်လေယာဉ်များက ကွန်တိန်နာဂိတ်တစ်ခုကို အလားတူ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး မီးလောင်မှုနှင့်ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သေးသည်။

ပုံ- အစ္စရေးက တိုက်ခိုက်လိုက်လို့ မီးလောင်နေသည့် ဆီးရီးယားက ဆိပ်ကမ်းတစ်ခု။(AP)

ဒီဇင်ဘာ ၂၈ ရက် တိုက်ခိုက်မှုသည် ပိုမိုကြီးမားပုံရပြီး ကီလိုမီတာ ၈၀ ကျော် (မိုင် ၅၀ နီးပါး) အကွာအဝေးရှိ ကမ်းရိုးတန်းမြို့ ဖြစ်သော တာတက်စ် (Tartus) ဘက်မှ ပေါက်ကွဲသံများ ကြားနေရကြောင်း Al-Ikhbariyah ရုပ်သံ သတင်းထောက်တစ်ဦးက ပြောသည်။

အခင်းဖြစ်ပွားရာသို့ အရေးပေါ် လူနာတင်ယာဉ်များ အမြန်ပို့ဆောင်ပေးခဲ့သော်လည်း ထိခိုက်သေဆုံးမှု ရှိ/မရှိ ရှင်းရှင်း လင်း လင်း မသိရသေးကြောင်း ၎င်းသတင်းထောက်က ဆက်ပြောသည်။

ဒီဇင်ဘာ ၇ ရက် လေကြောင်းတိုက်ခိုက်မှုသည် အီရန်ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့များအတွက် လက်နက် ရောင်းဝယ် ဖောက်ကားနေခြင်းကို ထိမှန်ခဲ့ကြောင်း စစ်ပွဲစောင့်ကြည့်ရေးအဖွဲ့နှင့် ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့် အရေး စောင့်ကြည့်အဖွဲ့တို့က ပြောကြားခဲ့ကြသည်။

၁၀ နှစ် ကြာမြင့်ပြီဖြစ်သည့် ဆီးရီးယားပြည်တွင်းစစ်အတွင်း အစိုးရထိန်းချုပ်ထားသည့် အစိတ်အပိုင်းများကို အစ္စရေးတို့ လေကြောင်းမှ တိုက်ခိုက်မှု ရာနှင့်ချီ၍ ရှိခဲ့သော်လည်း အစ္စရေးစစ်ဘက်ထံမှ တစ်စုံတစ်ရာ သဘောထား မှတ်ချက် ထွက်ပေါ် လာခြင်း မရှိသလို ယင်းစစ်ဆင်ရေးများအပေါ် အသိအမှတ်ပြုခြင်း (သို့မဟုတ်) ဆွေးနွေးခြင်းလည်း မရှိပေ။ယခင်က တိုက်ခိုက်မှုအချို့မှာ ဆီးရီးယားမြို့တော် ဒမတ်စကက်ရှိ အဓိကလေဆိပ်ကို ပစ်မှတ်ထားခဲ့သည်။

ဆီးရီးယားတွင် လက်နက်ကိုင်များ ပါဝင်လေ့ရှိသည့် လက်ဘနွန်မှ ဟစ်ဇ်ဘိုလာအဖွဲ့ကဲ့သို့ အီရန်မဟာမိတ်ပြည်သူ့စစ်များ၏ အခြေစိုက်စခန်းများကို မိမိတို့ပစ်မှတ်ထားလေ့ရှိကြောင်း အစ္စရေးက အသိအမှတ်ပြုခဲ့သည်။ ပြည်သူ့စစ်များအတွက် နှောင် ကြိုး မကင်းဟုယူဆသော လက်နက်တင်ပို့ရောင်းချမှုများကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း အစ္စရေးတို့က ပြောကြားခဲ့သည်။

Source: AP