၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၈

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုဖြင့် အကျဉ်းကျခံနေရသည့် ဝင်းနှင့်ဇော်အား ပုံမှန်ထောင်ဝင်စာ တွေ့ခွင့်ရရှိရန် ထိုင်းရှိ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED)မှ တာဝန်ရှိသူ အပါအဝင် ရခိုင်ပြည်နယ်ရှိ ဝံလက်ဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်နေကြကြောင်း သိရသည်။

အစိုးရပိုင်းဘက်မှ ပါဝင်မှသာ ဝင်းနှင့်ဇော်တို့ ထောင်ဝင်စာ တွေ့ခွင့်ရမှာ ဖြစ်သည့်အတွက် သက်ဆိုင်ရာ အစိုးရပိုင်း တာဝန်ရှိ သူများထံ စာပို့ထားကြောင်း ဝံလက်ဖောင်ဒေးရှင်းမှ အမှုဆောင်ဒါရိုက်တာ ဦးခိုင်ကောင်းစံက CNI သို့ ပြောသည်။

ဦးခိုင်ကောင်းစံ “လက်ရှိအစိုးရ စစ်ကောင်စီကို စာပို့ထားတာပေါ့နော်။ နောက် တိုင်းရင်းသားရေးရာဝန်ကြီးပေါ့။ နောက် အလုပ်သမားရေးရာဝန်ကြီးတို့ကို စာပို့ထားပါတယ်။ နောက် နိုင်ငံခြားရေးဝန်ကြီးတို့၊ လူမှုရေးဝန်ကြီးတို့ကိုလည်း ကျနော်တို့ စာပို့မှာပေါ့။ စာပို့တဲ့ အကြောင်းအရင်းကတော့ ဝင်းနဲ့ဇော်ရဲ့ ဒီထောင်ဝင်စာ တွေ့ရှိမှုကို အစိုးရဆီက ပါဝင်မှသာ ကျနော်တို့ တွေ့လို့ရမယ့် အခြေအနေမျိုးပေါ့။ အထူးသဖြင့် ဒီလက်ရှိ စစ်ကောင်စီအစိုးရကနေပြီး ထိုင်းမှာရှိတဲ့ သံရုံးကို ဆက်သွယ်ပြီး တော့မှ အဲ့ကမှတဆင့် ထိုင်းအစိုးရဆီကို ချိတ်ဆက်ပြီးတော့မှ သွားတွေ့ရမယ့် အခြေအနေမျိုးပေါ့”ဟု ပြောသည်။

ဝင်းနှင့်ဇော်သည် ထောင်ထဲတွင် မည်သည့်အပြစ်မှ မလုပ်ထားသော်လည်း ထိုင်းနိုင်ငံမှ မကြာခဏ လွတ်ငြိမ်းချမ်းသာခွင့် ပေးသည့်အထဲတွင် မပါဝင်ကြောင်း ပြီးခဲ့သည့်လက ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED)မှ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်သို့ ပေးပို့သည့် စာထဲတွင် ရေးသားထားသည်။

ပုံ- ဝင်းနှင့်ဇော်ကိုတွေ့ရစဉ်။

ဝင်းနှင့်ဇော် အနေဖြင့် ထောင်ဝင်စာ တွေ့ခွင့်မရသည်မှာ ၂ နှစ်ကျော် ရှိပြီဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများရှိနေကြောင်း အကူအညီပေးနေသည့် FED မှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။

၎င်းက “ဘာပဲပြောပြော နှစ်ရှည်အကျဉ်းကျတဲ့ အကျဉ်းသားတွေအနေနဲ့ ထောင်ဝင်စာတွေ့တာက အင်မတန်မှ အရေးပါ ပါ တယ်။ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာတွေ အများကြီးပေါ့ ခွန်အားဖြစ်စေတာပေါ့။ သူတို့နဲ့ လူချင်းတွေ့မယ် ပြောမယ်။ သူတို့ လိုအပ် တဲ့ အထဲမှာဖတ်ချင်တဲ့ စာအုပ်စာတမ်းတွေပို့မယ်။ ထောင်ထဲမှာ အခြား ထိုင်းအကျဉ်းသားတွေလို‌ပေါ့၊ အိမ်ကနေပို့တဲ့ အစား အသောက်တွေ တစ်စုံတစ်ရာ ငွေကြေးအနည်းငယ်တွေ ပေးနိုင်လို့ရှိရင်တော့ ဘာပဲပြောပြော သူတို့တွေအနေနဲ့ စိတ်ဓာတ် ခွန်အားတွေ ရနိုင်ပါတယ်။ ဒီထက်မက အရေးကြီးတာက သူတို့နှစ်ယောက်လုံးရဲ့ အမေတွေဟာ မုဆိုးမတွေ ဖြစ်ပါတယ်။ သူတို့ မိသားစုတွေရဲ့ အခြေအနေလည်း သူတို့သိရမယ်။ သူတို့အမေတွေရဲ့ ပြောစကားတွေကိုလည်း သူတို့ကို ကျနော်တို့ ပြန်ပြောပြလို့ရမယ်။ တိုင်းတစ်ပါးမှာ ထောင်ကျနေတဲ့ မြန်မာနိုင်ငံသားတွေအတွက်က ဘာပဲပြောပြော ထောင်ဝင်စာက သူတို့အတွက် အင်မတန်မှ အရေးကြီးတယ်လို့ ကျနော်ပြောချင်ပါတယ်” ဟု CNI သို့ ပြောသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမားများဖြစ်သည့် ဝင်းနှင့်ဇော်သည် ထိုင်းနိုင်ငံရှိ လိပ်ကျွန်း၌ ဗြိတိသျှ နိုင်ငံသား ဟန်နာနှင့် ဒေးဗစ်မေးလာတို့ အတွဲကို မုဒိန်း ကျင့် လူသတ်မှုဖြင့် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလက ဖမ်းဆီးခြင်း ခံခဲ့ရ သည်။

ထို့နောက် ၂၀၁၅ ခုနှစ်တွင်  သေဒဏ်ချမှတ်ခံခဲ့ရပြီး ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့၌ ထိုင်းဘုရင်၏ လွတ်ငြိမ်း သက်သာ ခွင့်အရ သေဒဏ်မှ လွတ်မြောက်ကာ တစ်သက် တစ်ကျွန်းပြစ်ဒဏ်ကို ပြောင်းလဲကျခံရနေသည်။