၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၈
ကရင်အမျိုးသားအစည်းအရုံး (KNU)၏ တပ်မဟာအလိုက် တာဝန်ယူထားသည့် ခရိုင်ဥက္ကဋ္ဌများနှင့် တပ်မတော်တို့ တွေ့ဆုံ၍ လက်ရှိတိုက်ပွဲများ အရှိန်လျှော့ချနိုင်ရေး ဆွေးနွေးသွားမည်ဟု သတင်းထွက်ပေါ်နေသည်။
KNU ခရိုင် ဥက္ကဋ္ဌများနှင့် တပ်မတော်တို့ တွေ့ဆုံဆွေးနွေး သွားမည်ဆိုသည့် ကိစ္စနှင့်ပတ်သက်၍ အထက်မှ ညွန်ကြားမှုကို စောင့်ဆိုင်းနေကြောင်း တပ်မဟာ(၆) ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲတာကတော့ ကျနော်တို့ အထက်ညွန်ကြားမှုကို စောင့်နေတုန်းပဲနော်။ ကျနော်တို့ ဘာမှ မသိရသေးဘူးနော်။ တွေ့ ကြရင် အကြောင်းရင်းကတော့ ဒီနိုင်ငံငြိမ်းချမ်းဖို့အတွက်ပဲ ပြောကြဆိုကြမှာပေါ့”ဟု ပြောသည်။
KNU ခရိုင် ဥက္ကဋ္ဌများနှင့် တပ်မတော်တို့ စစ်ရှိန်လျှော့ချနိုင်ရေး ဆွေးနွေးသွားမည်ဟု KNU နှင့်နီးစပ်သူများထံမှ သိရသည်။
ပုံ-KNU တခြားသော လက်နက်ကိုင် ၇ ဖွဲ့နှင့်အတူ NCA ရေးထိုးစဉ်။
အဆိုပါ တွေ့ဆုံဆွေးနွေးမည့် ကိစ္စနှင့်ပတ်သက်၍ KNU တပ်မဟာခရိုင်ဥက္ကဋ္ဌများ အားလုံး တက်ရောက်မည်ဆိုသည်ကို CNI အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။ KNU ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကို ဆက်သွယ်သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိသေးပေ။
ပဒိုစောရွှေမောင်းက “ပြည်သူလူထုတွေကတော့ ဒီလိုဒုက္ခရောက်ပြီးတော့ အိုးပစ်အိမ်ပစ်၊ ဖြစ်တဲ့အပေါ်မှာ စိတ်မကောင်း ဖြစ်တာပေါ့နော်။ ကျနော်တို့လည်း ဒီလို ရှေ့ဆက် မဖြစ်ရလေအောင် ကြိုးစားနေပါတယ်လို့ပဲ ပြောရမှာပေါ့” ဟု CNI သို့ ပြောသည်။
ကရင်ပြည်နယ်၊ လေးကေ့ကော် ဒေသဘက်မှာ ဒီဇင်ဘာ ၁၅ ရက်မှ စတင်ကာ တပ်မတော်နှင့် KNU ၏ စစ်ရေးလက်အောက် ခံ KNLA တို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ယနေ့ (ဒီဇင်ဘာ ၂၈ ရက်)ထိ ဖြစ်သည်။
အဆိုပါ တိုက်ပွဲများကြောင့် ပြည်တွင်း (မြန်မာနိုင်ငံအတွင်း)နှင့် ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေကြရသူ ၂၀၀၀၀ ဝန်းကျင်ရှိကြောင်း တိုက်ပွဲရှောင်များ အကူအညီပေးနေသူများက ပြောသည်။
KNU သည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် ကရင်လက်နက်ကိုင်အဖွဲ့ ဖြစ်သည့်အတွက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစောင့်ကြည့်ကော်မတီ(JMC)ကနေတဆင့် တွေ့ဆုံဆွေးနွေးနိုင်သလို နစက-က လက်ရှိ ဖွဲ့စည်းပေးထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)ဖြင့် လည်း ဆွေးနွေးနိုင်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်သူ တချို့က ပြောသည်။