၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၂
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရှိ မြန်မာနိုင်ငံမှ မွတ်ဆလင် ၂၀၀၀ ခန့်အား တရုတ်ဘက်မှ ပြန်လည် လွှဲပြောင်းပေးမည်ဟု မူဆယ်ဘက်ရှိ တာဝန်ရှိသူများထံ အကြောင်းကြားထားကြောင်း သိရသည်။
ထိုသို့ လွှဲပြောင်းပေးမည်ကို တရုတ်ဘက်မှ ယခုရက်ပိုင်းအတွင်း အကြောင်းကြားခဲ့ခြင်းဖြစ်ကာ မည်သည့်နေ့ တွင်လွှဲပြောင်းပေးမည်ကို မသိရသေးကြောင်းနှင့် လက်ရှိတွင် နှစ်နိုင်ငံဘက်မှ တာဝန်ရှိသူတို့ ဆွေးနွေးနေကြဆဲ ဖြစ်ကြောင်းသိရသည်။
ရွှေလီရှိ ရွှေမြန်မာအွန်လိုင်း အရေးပေါ်ကျန်းမာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ကိုချမ်းမြေ့က “ဒီ ပြည်ပရေးရာ ကနေပြီးတော့ မြန်မာနိုင်ငံ မူဆယ်ဌာနဆိုင်ရာတွေကို အကြောင်းကြားထားတာပါ။ အခု လက်ရှိတော့ မပို့သေး ပါဘူး။ မြန်မာနိုင်ငံဘက်က စစ်ဆေးစရာတွေ သူတို့ နိုင်ငံသားဟုတ်မဟုတ်၊ အထောက်အထားရှိ မရှိ အဲ့ဒါတွေ စိစစ်ပြီးမှ သက်ဆိုင်ရာဌာနနဲ့ လဝကနဲ့ ပေါင်းပြီးတော့ သူတို့ ဆောင်ရွက်မယ်လို့ပြောထားပါတယ်။ ဒီဘက်မှာ ကလည်း မွတ်ဆလင်တွေက အတော်များတယ် တရုတ်နိုင်ငံမှာရှိနေတာ။ တရုတ်ကလည်း လူဦးရေ လျှော့ချေနေ တဲ့အတွက် များသောအားဖြင့်က တရုတ်ကနေ မြန်မာနိုင်ငံကို ပြန်နေတာက မြန်မာလူမျိုးတွေပါမယ်။ တိုင်းရင်းသားလူမျိုးတွေပါမယ်ပေ့ါ။ ဒီ တစ်သုတ်ကျတော့ သူတို့ သေချာကို အစီအစဉ်ဆွဲပြီးမှ ဒီ မွတ်ဆလင်တွေ ကို လျှော့မယ့်အခြေအနေပေါ်မှာ မြန်မာဘက်ကို ကြိုတင်ပြီးတော့ သူတို့အကြောင်းကြားတာတော့ရှိပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
ထိုကိစ္စနှင့်ပတ်သက်၍ မူဆယ်မြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ CNI မှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ခရိုင် အစည်းအဝေး တက်ရောက်နေကြောင်း ပြန်လည်ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြသူများထဲတွင် မြန်မာနိုင်ငံရှိ ရခိုင်ပြည်နယ်၊
မော်လမြိုင် အစရှိသည့် နေရပ်ဒေသအသီးသီးမှ မွတ်ဆလင်များလည်း ပါဝင်ပြီး ထိုထဲတွင် အထောက်ထားမဲ့ များလည်း ရှိကြောင်းသိရသည်။
“အထောက်အထားမဲ့တဲ့ဟာတွေ ပါလာခဲ့ရင်ကတော့ မြန်မာကတော့ လက်ခံပေးမယ့်အနေအထားမရှိဘူး။ သူတို့တွေ ဘယ်လိုတွေ ညှိနှိုင်းပြီး လုပ်မလဲဆိုတာတော့ ကျနော်တို့တွေလည်း မသိနိုင်ဘူးလေ”ဟု ရွှေလီရှိ ရွှေမြန်မာအွန်လိုင်း အရေးပေါ် ကျန်းမာရေးကူညီမှုအသင်းဥက္ကဋ္ဌ ကိုချမ်းမြေ့က ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မုံးကိုးနှင့်ပန်ဆိုင်းကြားရှိ နယ်စပ်လမ်းမှ မွတ်ဆလင် ၁၀၀ ကျော်အား တရုတ်မှ မြန်မာဘက်သို့ အကြောင်းမကြားအသိမပေးဘဲ ပို့ဆောင်ခဲ့သည့်အတွက် ပန်ဆိုင်းရဲစခန်းမှ လက်ရှိအချိန်ထိ စစ်ဆေးနေကြောင်း ၎င်းက ဆိုသည်။
ထိုကိစ္စဖြစ်ပွားပြီးနောက် တရုတ်ဘက်မှ ယခုကဲ့သို့ တရားဝင်အကြောင်းကြားကာ ပြန်ပို့ခြင်းဖြစ်သည်။
တရုတ်သို့ရောက်ရှိနေသည့် မြန်မာများထဲမှ နေရပ်ပြန်ချင်သူများအား ပြန်လည်ပို့ပေးနေပြီး လက်ရှိတွင် နေရပ်ပြန်သူဦးရေ နှစ်သောင်းကျော်ရှိပြီဖြစ်ကြောင်း သိရသည်။