ဖရန့်ဖတ် (ဂျာမနီ)၊ ဒီဇင်ဘာ ၂၂
ပိုက်လိုင်းဆက်သွယ်ပြီး သဘာဝဓာတ်ငွေ့ အလုံအလောက်ရှိသော်လည်း ရုရှား၏ Nord Stream 2 ပိုက်လိုင်းသည် ဂျာမနီ နိုင်ငံအထိ ဓာတ်ငွေ့များ မစီးဆင်းနိုင်သေးဘဲ အတားအဆီး ကြီးကြီးမားမား ရင်ဆိုင်နေရသည်ဟု အေပီသတင်းဌာနက ဖော်ပြထားသည်။
ယူကရိန်း၊ ပိုလန်နှင့်အမေရိကန်က ကန့်ကွက်ထားသည့် အဆိုပါပိုက်လိုင်းသည် အခြားနိုင်ငံများကို ရှောင်လွှဲလျက် ဥရောပသို့ သဘာဝဓာတ်ငွေ့များ တိုက်ရိုက်ပို့ဆောင်ရန် ဂျာမနီနှင့်ဥရောပသမဂ္ဂ (EU) တို့၏ နောက်ဆုံးခွင့်ပြုချက်ကို စောင့်စားနေရဆဲ ဖြစ်သည်။
မျက်မှောက်ကာလတွင် အထွေထွေဈေးနှုန်း တဟုန်ထိုး တက်သွားသည့် ဥရောပတိုက်၌ သယံဇာတ ရှားပါးမှုနှင့် ငွေကြေး ဖောင်းပွမှု စေ့ဆော်ပေးခြင်းတို့ကြောင့် ဓာတ်ငွေ့ပံ့ပိုးနိုင်မှု ဆိုးရွားစွာ နိမ့်ကျလာမည့်အတွက် နောင်လာမည့် အလားအလား များအပေါ် စိုးရိမ်ပူပန်မှုများ တိုးပွားလာစေသည်။
ယူကရိန်းအပေါ် ရုရှားစစ်တပ်၏ လှုပ်ရှားမှုအသစ်များကို တန်ပြန်ရန် နည်းလမ်းတစ်ရပ်အဖြစ် Nord Stream 2 ဓာတ်ငွေ့ ပိုက်လိုင်းကို ပစ်မှတ်ထားရန် အမေရိကန်က အလေးပေး ပြောကြားခဲ့သည်။ ယခုအခါမှာတော့ ထိုစီမံကိန်းသည် ဥပဒေနှင့် ဗျူကရေစီ အတားအဆီးများကို ရင်ဆိုင်နေရပြီ ဖြစ်သည်။
ဥရောပနှင့် အမေရိကန် ခေါင်းဆောင်များသည် ယူကရိန်းအပေါ် ရုရှားဖိအားကို မည်သို့ ကိုင်တွယ် ဖြေရှင်းရမည်ကို ဆွေးနွေး ကြရာတွင် အထူးသဖြင့် ပိုလန်ကဲ့သို့ EU အဖွဲ့ဝင်နိုင်ငံများက နိုင်ငံရေးအရ ကန့်ကွက်မှုများ၌ ရုရှားသမ္မတ ဗလာဒီမာပူတင်၏ အဓိက စီမံချက်တစ်ခုအတွက် နောက်ထပ် စိန်ခေါ်မှုတစ်ခုအား ထည့်သွင်းဆွေးနွေးခဲ့ကြသည်။
ပုံ- Nord Stream 2 စီမံကိန်းကိုတွေ့ရစဉ်။(AP)
အဆိုပါ ပိုက်လိုင်းကို ဂျာမန်ဝန်ကြီးချုပ်ဟောင်း အိန်ဂျလာမာကယ်က ကျောထောက် နောက်ခံပေးခဲ့ရာ ယခုဝန်ကြီးချုပ်သစ် အိုလာရှော့ဇ်သည် ထိုစဉ်က ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေချိန်ဖြစ်သည်။ သို့သော် အစိမ်းရောင် (Greens) ပါတီ အနေဖြင့် ညွန့်ပေါင်းအုပ်ချုပ်ရေး၏ တစ်စိတ်တပိုင်း ဖြစ်လာပြီးနောက် ယခုအစိုးရသစ်သည် လေသံတစ်မျိုး ပြောင်း လာခဲ့သည်။
Greens ပါတီသည် မဲဆွယ်စည်းရုံးရေး ကာလက ရုပ်ကြွင်းလောင်စာဖြစ်သည့် အဆိုပါပိုက်လိုင်းသည် ကမ္ဘာကြီး ပူနွေးလာ မှုကို တိုက်ဖျက်ရန်နှင့် ဗျူဟာမြောက် EU အကျိုးစီးပွားများကို ပျက်ပြားစေသည်ဟူသော အမြင်ဖြင့် ရပ်တည်ခဲ့သည်။
ဂျာမန်ဒုတိယဝန်ကြီးချုပ်အသစ် ရောဘတ်ဟာဘတ်နှင့် နိုင်ငံခြားရေးဝန်ကြီး အန်နာလီနာဘားဘော့ခ်တို့က ၎င်းစီမံကိန်း သည် EU ၏ လက်ဝါးကြီးအုပ်မှု ဆန့်ကျင်ရေး စည်း မျဉ်းများနှင့် မကိုက်ညီကြောင်း အသီးသီး ပြောကြားခဲ့ကြသည်။
“Nord Stream 2 ဟာ ပထဝီနိုင်ငံရေး အမှားဖြစ်ပါတယ်” ဟု ဒီဇင်ဘာ ၁၉ ရက်ထုတ် Frankfurter Allgemeine Sonntagszeitung အမည်ရှိ ဂျာမန်သတင်းစာနှင့်အင်တာဗျူးတွင် အန်နာလီနာဘားဘော့ခ်က ပြောကြားခဲ့သည်။
ဝန်ကြီးချုပ် အိုလာရှော့ဇ်ကတော့ ပိုက်လိုင်းစီမံကိန်းအပေါ် ၎င်း၏သဘောထားမှတ်ချက်ကို သတိကြီးကြီးထားခဲ့သည်။ အမေရိကန်နိုင်ငံခြားဝန်ကြီး အန်တိုနီဘလင်ကင်ကတော့ ရုရှားအနေဖြင့် ယူကရိန်းအပေါ် ရန်စမှုထပ်မံပြုလာပါက အဆိုပါ ဓာတ်ငွေ့များ စီးဆင်းသွားဖို့ မဖြစ်နိုင်ကြောင်း ပြောကြားထားသည်။
Source: AP