CNI News
၂၀၂၁ ခုနှစ်၊ ဇူလိုင် - ၂၆
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ် ပင့်မခေါရွှေမှော်တွင် ရှမ်းနီအမျိုးသားတပ်မတော် (SNA)နှင့် ဟုမ္မလင်းမြို့ ၂၂၂ တပ်ရင်းမှ ဗိုလ်ကြီးတစ်ဦးတို့ ဇူလိုင် ၂၅ ရက် နေ့လည် ၁ နာရီခန့်တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ဟုမ္မလင်း ၂၂၂ တပ်ရင်းမှ ဗိုလ်ကြီး မျိုးလွင်သည် ပင့်မခေါရွှေမှော်တွင် ငွေတောင်းခံရန် သွားရာမှ SNA တပ်ဖွဲ့ဝင် တချို့နှင့် ထိပ်တိုက်တွေ့ဆုံကာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း SNA မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး ဆေစိုင်းထွန်းက CNI သတင်းဌာနကို ပြောသည်။
“SNA တပ်ဖွဲ့တွေနဲ့ ကင်းလှည့်ရင်းနဲ့ ထိပ်တိုက်တွေ့တယ်ပြောတယ်။ ဟိုဘက်က ၂၂၂ တပ်က ဗိုလ်ကြီး မျိုးလွင် ဆိုတာ သူကတော့ လိုက်ပြီးတော့ ငွေတောင်းနေတာကြာပြီလေ။ ငွေတောင်းနေတဲ့အချိန် ဒီဘက်က အဖွဲ့တွေနဲ့ ကင်းလှည့်ရင်း တွေ့ကြတာ” ဟု ဗိုလ်မှူးကြီး ဆေစိုင်းထွန်းက ပြောသည်။
ထိတွေ့ ပစ်ခတ်မှုအပြီး ၂၂၂ တပ်ရင်းမှ ဗိုလ်ကြီး မျိုးလွင်သည် ဝမ်းဗိုက်တွင် ကျည်ထိမှန်ပြီး SNA ဘက်တွင်မူ ထိခိုက်မှုမရှိကြောင်း ၎င်းက ပြောသည်။
ယင်းပစ်ခတ်မှုနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးသို့ ဖုန်းဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။
ဟုမ္မလင်းမြို့နယ် ပင့်မခေါ်ရွှေမှော်အနီး နေထိုင်သူတချို့ကတော့ ပစ်ခတ်သံများကြားရပြီး အသေးစိတ်ကိုတော့ မသိဘူးဟု ပြောသည်။
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) သည် ၁၉၈၉ ခုနှစ်က ဖွဲ့စည်း ထူထောင်ခဲ့ပြီး အိန္ဒိယ-မြန်မာ နယ်စပ်တွင် လှုပ်ရှားလျက် တဖြည်းဖြည်း အင်အားကြီးထွားလာသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။
SNA သည် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ခန္တီး၊ ဟုမ္မလင်း၊ တမူးနှင့် အိန္ဒိယ-မြန်မာ နယ်စပ်တွင် အခြေစိုက် လှုပ်ရှားလျက်ရှိသလို ကချင်ပြည်နယ်အတွင်းက မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ ဝိုင်းမော်၊ ဟောင်ပါး၊ ဖားကန့် စသည့် ဒေသများတွင်လည်း လှုပ်ရှားနေကြောင်း သိရသည်။
#ဗိုလ်မှူးကြီးဆေစိုင်းထွန်း
#SNA
#ရှမ်းနီတပ်
#တပ်မတော်
#ဟုမ္မလင်းမြို့နယ်
#ပစ်ခတ်မှုဖြစ်
#တပ်ရင်း၂၂၂
#ပင့်မခေါ်ရွှေမှော်
#CNImyanmar
#cninews