CNI News

၂၀၂၁ ခုနှစ်၊ ဇူလိုင် - ၂၆

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA)၏ ဌာနချုပ် လွယ်တိုင်းလျဲန်းတွင် ဇူလိုင်လ ၂၄ ရက်က လွယ်တိုင်းလျဲန်းကောလိပ်ကျောင်း (Loi Tai Leng College) ကို ဖွင့်လှစ်ခဲ့သည်ဟု သိရ သည်။

RCSS ဌာနချုပ် လွယ်တိုင်းလျဲန်းတွင် ဖွင့်လှစ်သည့် ကောလိပ်ကျောင်းမှာ ပထမဦးဆုံးအကြိမ် ဖွင့်လှစ်သည့် ကောလိပ်ကျောင်းဖြစ်သည်ဟု RCSS ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းခမ်းစံက CNI သတင်းဌာနကို ပြောသည်။

RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က “ကောလိပ်ဖြစ်မြောက်ရေးအတွက် အခက်အခဲအမျိုးမျိုးကို ရင်ဆိုင် ကျော်ဖြတ်ခဲ့ရကြောင်း၊ ယခု ကောလိပ်ကျောင်း ဖွင့်လှစ်နိုင်ပြီဖြစ်လို့ လူငယ်များအတွက် ပညာရေး အခွင့် အလမ်း တစ်ခု ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍလည်း မှေးမှိန်သွားခဲ့ပြီး ဖက်ဒရယ်ပညာရေးစနစ် ပေါ်ပေါက်လာတယ်”ဟု ပြောသည်။

လက်ရှိ ဖွင့်လှစ်လိုက်သည့် ကောလိပ်ကျောင်းမှာ RCSS ၏ သီးခြားလွတ်လပ်သည့် ကောလိပ်အနေဖြင့် တည်ထောင်ခြင်းပြီး တက်ရောက်သင်ကြားမည့် ကျောင်းသား/ ကျောင်းသူ ဦးရေ အတိအကျ မသိရှိသေးဟု ဆိုသည်။

လွယ်တိုင်းလျဲန်း ကောလိပ်ကျောင်းတွင် နိုင်ငံရေးသိပ္ပံဘာသာရပ်ကို အဓိကသင်ကြားပေးမှာဖြစ်ပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ကာ ၂၀၂၃ ခုနှစ်အထိ (၂) နှစ်တာ သင်ကြားပေးမည်ဖြစ်ကြောင်း သိရ သည်။

RCSS/SSA ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းခမ်းစံက “စဖွင့်ခါစဆိုတော့ မေဂျာအနေနဲ့ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို အဓိက ထားပြီးတော့ သင်ကြားသွားမယ်။ သူ့ရဲ့ သင်တန်းကာလက ၂ နှစ်ပေါ့။ အသိအမှတ်ပြုတာကတော့ RCSS ရဲ့ ကိုယ်ပိုင်ကျောင်းဆိုတော့ RCSS အနေနဲ့ပဲ အသိအမှတ်ပြု လက်မှတ်ထုတ်ပေးသွားမှာဖြစ်တယ်။ ချိတ်ဆက် ပြီးမှ ဘယ်တက္ကသိုလ် တက်မလဲဆိုတာတော့ ရှိတယ်။ အရင်ကတည်းကလည်း ရှိထားတယ်။ လောလောဆယ် ကြတော့ ဒီလွယ်တိုင်းလျဲန်း အထက်တန်း ကျောင်း ရှိတယ်လေ။ အဲအထက်တန်းကျောင်းပြီးတာနဲ့ ကျောင်းသား / ကျောင်းသူတွေကို ပထမဆုံး လက်ခံမယ့် အဆင့်ပေါ့။ နောက်တခြား ပြင်ပကျောင်းသားတွေ စာရင်းလာသွင်း လို့ရှိရင်လည်း ဒီစံနှုန်းပေါ့နော့် အထက်တန်း ကျောင်းရဲ့ စံနှုန်းအတိုင်း ဝင်ခွင့်ဖြေပြီးတော့မှ လက်ခံသွားမှာ ဖြစ် ပါတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။

လွယ်တိုင်းလျဲန်း ကောလိပ်ကျောင်းတွင် နိုင်ငံရေးသိပ္ပံဘာသာရပ်အပြင် အစိုးရနှင့်နိုင်ငံရေးဘာသာရပ်၊ ပြည်သူ့ ရေးရာ စီမံခန့်ခွဲမှု ဘာသာရပ်၊ နိုင်ငံတကာဆက်ဆံရေး ပညာရပ်တို့ကိုလည်း သင်ကြားပေးသွားမည်ဟု သိရ သည်။

အဆိုပါ ကောလိပ်ဖွင့်ပွဲ အခမ်းအနားသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၊ ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ် စိုင်းယီ၊ RCSS ပညာ ရေး‌ ဖော်ဆောင်ရေးကော်မတီ ညွန်ကြားရေးမှူး ဗိုလ်ကြီး လန်တိုင်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသား /ကျောင်းသူများနှင့် မိဘပြည်သူများ စုစုပေါင်း (၄၃၀) ဦး တက်ရောက်ခဲ့သည်ဟု Tai Freedom တွင် ဖော်ပြ ထားသည်။
RCSS သည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် ရှမ်း လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။


#ဗိုလ်ချုပ်ကြီးယွက်စစ်
#RCSS/SSA
#ကောလိပ်ဖွင့်လှစ်
#လွယ်တိုင်းလျဲန်း
#နိုင်ငံရေးသိပ္ပံဘာသာရပ်
#ဗိုလ်မှူးစိုင်းခမ်းစံ
#ရှမ်းပြည်နယ်
#မြန်မာနိုင်ငံ
#CNImyanmar
#cninews