CNI News
၂၀၂၁ ခုနှစ်၊ ဇူလိုင် ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသတွင် ရှမ်းတပ် နှစ်တပ်ဖြစ်သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော်(RCSS/SSA)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA)တို့ကြား ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလမှ စတင်၍ ယနေ့ချိန်ထိ လှုပ်ရှားနယ်မြေ အငြင်းပွားကာ မကြာခဏ တိုက်ပွဲများ ဖြစ်ပွားနေကြသည်။
အဆိုပါတိုက်ပွဲများကြောင့် ဒေသခံများ သောင်းချီ တိုက်ပွဲရှောင်ခဲ့ကြရသလို နေအိမ်များ မီးလောင် ပျက်စီးမှု များလည်း ရှိခဲ့သလို အရပ်သား တချို့သေဆုံးခဲ့ရမှုများလည်းရှိခဲ့သည်။
ထို့ကြောင့်ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)က ယနေ့ (ဇူလိုင် ၂၆ ရက်)တွင် နှစ်ဖက် တိုက်ပွဲ များ ရပ်တန့်ရေးနှင့်တွေ့ဆုံဆွေးနွေးကြရန် တိုက်တွန်းကြောင်း ထုတ်ပြန်ခဲ့သည်။ယခင်ကလည်း ရှမ်းတပ် နှစ်တပ် တိုက်ပွဲများ ရပ်တန့်ရေး ဆွေးနွေးခဲ့ကြဖူးသော်လည်း ရပ်တန့်နိုင်ရေးအတွက် သဘောတူညီချက် ခိုင်ခိုင်မာမာများ မရရှိဘဲ ယခုလအတွင်းမှာပဲ ပြင်းပြင်းထန်ထန် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြသေးသည်။
ထို့ကြောင့် RCSS/SSA နှင့် SSPP/SSA တို့မှ ပြောခွင့်ရပုဂ္ဂိုလ်များဖြစ်သူကို CNI သတင်းဌာနက ဆက်သွယ် မေးမြန်းထားသည်ကို ပူးတွဲတင်ပြလိုက်ပါသည်။
****************************************
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်(RCSS/SSA)ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းခမ်းစံ
မေး ။ ။ အခု SNLD ပါတီက RCSS နဲ့ SSPP ကြားမှာ တိုက်ပွဲတွေဖြစ်နေတာ ရပ်တန့်ကြဖို့နဲ့ တွေ့ဆုံ ဆွေးနွေးကြဖို့ တိုက်တွန်းထားတယ်။ အဲဒီစာနဲ့ပတ်သက်ပြီး ဗိုလ်မှူးလည်း ဖတ်ပြီပြီး ထင်ပါတယ်၊ ဆိုတော့ RCSS သဘောထားက ဘယ်လိုရှိပါသလဲ။
ဖြေ ။ ။ ဟုတ်ကဲ့ ကျနော်တို့ သူတို့တိုက်တွန်းတဲ့ ထုတ်ပြန်ချက်ကို တွေ့ရတယ်၊ အချက် ၄ ချက်ပေါ့နော်၊ ပထမဆုံး အချက်ကတော့ SSPP နဲ့ RCSS တွေ့ဆုံ ဆွေးနွေးဖို့ပေါ့၊ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ ဒီ RCSS အနေကတော့ ကျနော်တို့ ရပ်တည်ချက်ကို ထပ်တလှဲလှဲ ပြောခဲ့ပြီး ဖြစ်တယ်။ ထုတ်ပြန်ချက်တွေလည်း ထုတ် ပြန်ခဲ့ပြီပြီး။
ကျနော်တို့က တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း မတိုက်ချင်ဘူး။ငြိမ်းချမ်းတဲ့ နည်းနဲ့ဖြေရှင်းချင်တယ်၊ တွေ့ဆုံဆွေးနွေးချင်တယ်။ တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းက အကောင်းဆုံး ဖြစ်တယ်လို့ ကျနော်တို့ ယုံကြည် တယ်၊ ဒါကြောင့်မလို့ အဲကိစ္စကို ကျနော်တို့ RCSS အနေနဲ့ ရှင်းရှင်းလင်းလင်းရှိတယ်ပေါ့နော်။
မေး ။ ။ နှစ်ဖက်စလုံးကတော့ ဒီတွေ့ဆုံ ဆွေးနွေးရေးက လက်ခံကြောင်း မူအရ ချထားတယ်ပေါ့လေ၊ ဒါပေမယ့် တွေ့ဆုံ ဆွေးနွေးမှုက အခုလတ်တလော ဘာကြောင့်မဖြစ်ရသေးတာလဲ၊ အရင်တုန်းကတော့ တွေ့ ဆုံဆွေးနွေးရေးတွေ လုပ်ခဲ့ကြတာလည်း ရှိတယ်၊ ဒါပေမယ့် တိုက်ပွဲတွေက ပြန်ပြန်ဖြစ်နေတယ်၊ ဒါတွေက ဘာ ကြောင့်လဲ။
(ပုံ- RCSS အဖွဲ့ကိုတွေ့ရစဉ်- Taifreedom)
ဖြေ ။ ။ အဓိကတော့ ဒါစစ်ရေးနဲ့ဖြေရှင်းတာပေါ့နော်၊ တွေ့ဆုံ ဆွေးနွေးရေးကတော့ ကျနော်တို့ အရင် တုန်းက RCSS နဲ့ SSPP နှစ်ဖက် အပြန်အလှန် ကိုယ်စားလှယ်လွတ်ပြီးတော့ တိုက်ရိုက် ဆွေးနွေးတာ ရှိတယ်။ ပြီးရင် ရှမ်းပြည်ညီညွတ်ရေးကော်မတီ(CSSU)ထဲမှာ တွေ့ဆုံဆွေးနွေးတာရှိတယ်၊ နောက်လမ်းကြောင်း တစ်ခု ကတော့ ကြားခံ အဖွဲ့အစည်းတစ်ခုကနေ ညှိနှိုင်းပေးတာရှိတယ်၊ နောက်ဆုံး လမ်းကြောင်းတစ်ခုကတော့ ရှမ်းပြည်အတွင်းက ပြည်တွင်း/ပြည်ပ သံဃာတော်တွေ မေတ္တာရပ်ခံချက်နဲ့ ကျနော်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ တယ်။ ဒါပေမယ့် လေးခုစလုံးက ရပ်တန့်သွားပြီးတော့မှ ဒါက ဘာကြောင့် ဖြစ်လဲဆိုတော့ ထိုးစစ်ဆင်တဲ့ဘက် ကပဲ မူတည်လိမ့်မယ်လို့ ယူဆတယ်။
ကျနော်တို့ တိုင်းရင်းသား အချင်းချင်း ထိုးစစ်မဆင်ချင်လို့ မတိုက်ချင်လို့ ထိုးစစ်ဆင်တာ တစ်ခါမှမလုပ်သေး ဘူး၊ မိမိကိုယ်ကို ကာကွယ်တဲ့ ခံစစ်အနေနဲ့ပဲ လုပ်ခဲ့တာရှိတယ်။
မေး ။ ။ ဟုတ်ကဲ့ ဒါဆို တွေ့ဆုံ ဆွေးနွေးရေးကို လက်တွေ့ကြကြ ဖြစ်ဖို့နဲ့ လက်တွေ့ကြကြ တိုက်ပွဲတွေ ရပ်ဖို့ဆိုရင် အဓိက ဘက်နှစ်ဖက်က ဘာတွေကို ဖြေလျော့ကြသင့်လဲ၊ ဘာတွေကို လိုက်နာဖို့လိုအပ်မလဲ။
ဖြေ ။ ။ အဓိကတော့ ဆန္ဒပေါ့နော်၊ ဆွေးနွေးချင်တဲ့ ဆန္ဒ၊ ငြိမ်းချမ်းတဲ့နည်းနဲ့ဆွေးနွေးချင်တဲ့ ဆန္ဒရှိမှ ရမှာလေ။ ကျနော်တို့ RCSS ရပ်တည်ချက်ကတော့ ရှင်းလင်းတယ်၊ တစ်ဘက်ကျတော့ ဆွေးနွေးရေးက မအောင်မြင်နိုင်ဘူး၊ စစ်ရေးနဲ့ပဲ ဖြေရှင်းမယ်ဆိုတဲ့ အဲအယူအဆကိုက ပြဿနာတစ်ခုဆိုတော့ ဖြေရှင်းနိုင်ဖို့က ပြောရခက်တယ်လေ။ စစ်ပွဲရပ်ဖို့က နှစ်ဖက်စလုံး ဆွေးနွေးချင်တဲ့ စိတ်ဆန္ဒရှိမှ ရမှာလေ။ တစ်ဖက်ကတော့ မူဝါဒအနေနဲ့ပဲ ရှိတယ်၊ စစ်ရေးနဲ့ပဲ ဖြေရှင်းချင်တဲ့ ဆန္ဒပဲရှိတယ်ဆိုတော့ ဒါက မဖြစ်တဲ့ အကြောင်းအရင်း တစ်ခုလို့ ယူဆတယ်။
********************************************************************
ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA)ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းဘုန်းဟန်
မေး ။ ။ SNLD က ရှမ်းတပ် နှစ်တပ် တိုက်ပွဲဖြစ်နေတာတွေကို ရပ်တန့်ဖို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်း ထားတဲ့ စာကို ဗိုလ်မှူးတို့လည်း တွေ့ပြီပြီးထင်ပါတယ်၊ တွေ့ဆုံဆွေးနွေးရေး ဘယ်လိုလုပ်ကြဖို့ရှိမလဲ။
ဖြေ ။ ။ ကျနော်တို့က တွေ့ဆုံဆွေးနွေး ညှိနှိုင်းရေးလမ်းကြောင်းက အကောင်းဆုံးလို့လက်ခံထားပြီးသား ပါ၊ နဂိုကတည်းက တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုက အကောင်းဆုံးပဲဆိုတဲ့ ခံယူချက်ရှိပါတယ်။
မေး ။ ။ ဒါနဲ့ပတ်သက်ပြီး ကာယကံရှင်တွေဘက်က ဘာတွေလုပ်နေကြလဲ၊ ကြားခံအဖွဲ့အစည်းတွေကနေ ကမ်းလှမ်းခိုင်းတာရှိလား၊ အရင်တုန်းကတော့ တွေ့ဆုံဆွေးနွေးခဲ့ကြတာလည်းရှိတော့လေ။
ဖြေ ။ ။ အခုချိန်ထိတော့ ထိထိရောက်ရောက်ပေါ့နော်၊ ကျနော်တို့ တရားဝင် ကမ်းလှမ်းတာတော့ မရှိ သေးဘူးပေါ့၊ ဒါပေမယ့် ဘာပဲဖြစ်ဖြစ်ပေါ့နော်၊ ကျနော်တို့ ပစ်ခတ်တိုက်ခိုက်မှုက အဆုံးဆုံး ရည်မှန်းချက် မဟုတ်ပါဘူး၊ နောက်ဆုံးကြတော့လည်း ကျနော်တို့ ဆွေးနွေးရမှာပဲလေ၊ ဒါကိုကျနော်တို့ ကြိုဆိုရမှာပေါ့။ ဒါကို တခြားအဖွဲ့အစည်းကပဲ ဖြစ်ဖြစ် လုပ်လာရင်တော့ ကျနော်တို့ တွေ့ဖို့ဆန္ဒရှိပါတယ်။
မေး ။ ။ ဟုတ်ကဲ့ အခု SNLD က စာထုတ်တယ်ပေါ့လေ၊ အရင်တုန်းကလည်း သူက ကြားခံအနေနဲ့ ညှိနှိုင်းပေးတာပဲ အခုအဲလိုမျိုးလုပ်မယ်ဆိုရင်ရော ဗိုလ်မှူးတို့ဘက်က ဘယ်လိုသဘောထားရှိလဲ။
ဖြေ ။ ။ ဒါ ကျနော်တို့ ကြိုဆိုရမှာပေါ့၊ ကျနော်တို့လက်တွဲဆောင်ရွက်ဖို့ ဆန္ဒက အပြည့်အဝရှိပါတယ်၊ ဒါက လုပ်သင့်လုပ်ထိုက်တာပေါ့လေ။ ဒါကို ကျနော်တို့ ပယ်ချဖို့လုံးဝမရှိပါဘူး။ အပြည့်အဝထောက်ခံပါတယ်။ ထိထိရောက်ရောက် ဖြစ်ဖြစ်ထွန်းထွန်းဖြစ်ဖို့က အရေးကြီးတယ်လေ။ကျနော်တို့ အကောင်းဆုံးမျှော်လင့်ပါ တယ်။
(ပုံ-SSPP အဖွဲ့ကိုတွေ့ရစဉ်- SSPP Info-fb)
မေး ။ ။ အခုစစ်ရေး အခြေအနေကရော ဘယ်လိုမျိုးရှိလဲ။ RCSS နဲ့ SSPP ကြားထဲမှာပေါ့။
ဖြေ ။ ။ လောလောဆယ် တချို့နေရာတွေမှာ ကျနော်တို့ နယ်မြေတွေကို ပြန်ပြီးတော့ ထိန်းချုပ် နိုင်တဲ့ အနေအထားရှိပါတယ်။ တချို့နေရာတွေမှာလည်း ရင်ဆိုင်နေရတဲ့ အနေအထားရှိတယ်။ ဒါကတော့ စစ်မြေပြင် မှာ ပြီးပြည့်စုံပြီးတော့ ရှင်းလင်းတာမရှိသေးဘူးပေါ့နော်။
အဓိကတော့ စိတ်အရင်းခံပေါ့လေ၊ တွေ့ဆုံဆွေးနွေးရေး ညှိနှိုင်းရေး နည်းလမ်းကို အသုံးပြုပြီးတော့ ဖြေရှင်း မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့လေ၊ ဒါပေမယ့် လောလောဆယ်တော့ ကျနော်ပြောသလိုပေါ့ တချို့ နေရာတွေကတော့ ထိန်းချုပ်ပြီးဖြစ်တယ်၊ တချို့နေရာတွေကတော့ ရင်ဆိုင်နေရတဲ့ အခြေအနေမှာပဲ ရှိတယ်။ တချို့နေရာတွေကတော့ တိုက်ပွဲဖြစ်နေတဲ့ အနေအထားဖြစ်တယ်။ အလုံးဆုံးတော့ မပြီးသေးဘူးပေါ့လေ။
မေး ။ ။ ဒီဘက်က လူတွေကြတော့ အလှမ်းပြောတော့လေ၊ သိချင်တာကတော့ ဘယ်ဒေသတွေမှာ ဗိုလ်မှူးတွေ ပြန်ထိန်းထားပြီးတော့၊ ဘယ်ဒေသတွေမှာ တိုက်ပွဲဖြစ်နေကြဆဲလဲ။
ဖြေ ။ ။ ဥပမာပြောမယ်ဆိုရင် ကျနော်တို့ ဒီဘက်(ကျေးသီးဘက်)မှာတော့ တိုက်ပွဲတော့ ငြိမ်သွားပါပြီး ကျေးသီးမြို့နယ်ပေါ့နော်။ ပြီးတော့ ကျန်နေသေးတာကတော့ သီပေါ-နမ့်လန်ခွင်ထဲမှာလည်း ရှိနေသေးတယ်၊ ပြီးတော့ ကျောက်မဲဘက်မှာပေါ့၊ ကျောက်မဲဘက်မှာလည်း ရင်ဆိုင်နေရတဲ့ အနေအထားမှာတော့ရှိတယ်။