CNI News

နယူးဒေလီဇူလိုင် ၂၇

၂၀၁၅ ခုနှစ်၊ ဩဂုတ် ၄ ရက်၌ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN-IM)နှင့် သမိုင်းဝင် ငြိမ်းချမ်းရေး သဘောတူညီမှု စာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် အိန္ဒိယ ဝန်ကြီးချုပ်မိုဒီက “ကျနော်တို့ တစ်ဖက်နဲ့တစ်ဖက် သာတူညီမျှမှု၊ လေးစားမှုနဲ့ ယုံကြည်မှုရှိတဲ့ စိတ်ဓါတ်တွေနဲ့ သဘောတူညီမှုရတာဟာ ကျနော်တို့ အောင်မြင်အောင် လုပ်ဆောင် နိုင်တဲ့ တောက်ပတဲ့ သက်သေသာဓကတစ်ခုပါ” ဟု ပြောကြားခဲ့သည်။

ယုံကြည်မှုအကြောင်း မိုဒီပြောပြီး နှစ်နှစ်မျှပင် မကြာလိုက်ဘဲ NSCN(IM) ထိပ်ပိုင်းခေါင်းဆောင်များ၏ တယ်လီဖုန်း နံပါတ် များသည် အိန္ဒိယအစိုးရက ငှားရမ်းစေခိုင်းထားသော အစ္စရေးထောက်လှမ်းရေးဆော့ဖ်ဝဲ (spyware) ကုမ္ပဏီ၏ စိတ်ဝင် တစား စောင့်ကြည့်ရမည့်စာရင်းထဲ ထည့်သွင်းခြင်းခံလိုက်ရကြောင်း m.wire.in က အတည်ပြု သတင်းရရှိ သည်။

NSCN ထိပ်ပိုင်း ခေါင်းဆောင်များကို ကြည့်လျှင် အေတန်ဗာရွှန်၊ အေပန်မွီးဗား၊ အန်တိုနီရှီမရေးနှင့် ဖန်သင်းရှီမရန်ကဲ့သို့ စိတ်ဝင်စားခြင်း ခံရသည့် ခေါင်းဆောင်များရှိသလို အိန္ဒိယဗဟိုအစိုးရနှင့် နီးစပ်သည့် နာဂလူမှုအဖွဲ့အစည်း အဓိက ခေါင်းဆောင် ကီတိုဗီဇီမိုနီလည်း ရှိသည်။

ပုံ-NSCN-IM ခေါင်းဆောင် မွီးဗားမိန့်ခွန်းပြောနေစဉ်(AFP)

ထိုသတင်းအချက်အလက် database ပေါက်ကြားမှုသည် ကန့်လန့်ကာနောက်ကွယ်မှ ဇာတ်လမ်းများ ဖွင့်ချလေ့ရှိသည့် ပြင်သစ်မီဒီယာတချို့ စုဆောင်းထားသော Pegasus Project ထံမှ အခြေခံသည်။ Pegasus Project သည် စမတ်လ်ဖုန်း တစ်လုံးထံမှ အချက်အလက်များကို ခိုးယူသည့် စစ်ရေးအဆင့် ထောက်လှမ်းရေးယန္တရားကို အောင်မြင်စွာ ပစ်မှတ်ထား ဖွင့်ချနိုင်ခဲ့သည်။

ဆယ်စုနှစ် ၆ ခုကြာ နာဂနိုင်ငံရေးပြဿနာကို ဖြေရှင်းရန် ရည်ရွယ်သည့် ၂၀၁၅ မူဘောင် သဘောတူညီချက်၏ နောက်ဆက် တွဲ အနှစ်သာရမှာ NSCN(IM)သည် မိုဒီအစိုးရနှင့် စေ့စပ်ညှိနှိုင်းမှုများ ပြီးစီးခဲ့ပါက အဆုံးသတ် အတည်ပြုချက် အသေးစိတ်ကို ဖော်ပြရန်ဖြစ်သည်။ NSCN(IM) သည် ၁၉၉၇ နှစ်ဖက် အပစ်ရပ်မကြေညာမီအထိ အိန္ဒိယအစိုးရကို ဆန့်ကျင်တိုက်ခိုက်ခဲ့သော လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

အဆင့်မြင့်နည်းပညာဖြင့် ထောက်လှမ်းခြင်းခံရသော NSCN(IM) ထိပ်ပိုင်း ခေါင်းဆောင်များ၏ ဖုန်းနံပါတ်များတွင် အေတန် ဗာရွှန်၊ အေပန်မွီးဗား၊ အန်တိုနီရှီမရေးနှင့် ဖန်သင်းရှီ မရန်တို့၏ ဖုန်းနံပါတ်များ ပါဝင်နေကြောင်း ယခု database ပေါက်ကြားမှုတွင် တွေ့ရသည်။

NSO အုပ်စုကတော့ ထိုဖုန်းနံပါတ်စာရင်း အစစ်အမှန်များကို ငြင်းပယ်ပြီး ၎င်းတို့ကုမ္ပဏီအနေဖြင့် သုံးစွဲသူများအပေါ် ယင်းသို့ ပြုလုပ်ခြင်း မရှိကြောင်း ပြောသည်။ သို့သော် Pegasus project ပူးပေါင်းအဖွဲ့က ရရှိသော စာရင်းထဲတွင် NSO သုံးစွဲသူများ ပါဝင်ကြောင်း ယုံကြည်ရန် အကြောင်း ပြချက်ရှိသည်။

ဒစ်ဂျစ်တယ်မှုခင်းဆိုင်ရာ လေ့လာဆန်းစစ်မှုအရ အဆိုပါ ဖုန်းနံပါတ်များကို ဖြတ်သန်း၍ Pegasus spyware မှ တဆင့် hack ရန် ကြိုးပမ်းခြင်း (သို့မဟုတ်) ယင်းသို့ကြိုးပမ်းရာ အောင်မြင်ကြောင်း အပေးအယူရှိသည့် လက္ခဏာများကို ထင်ရှားစွာ တွေ့ရ သည်ဟု ဆိုသည်။

ပေါက်ကြားသည့်စာရင်းတွင် ပါဝင်သည့် ဖုန်းနံပါတ်များကို ၂၀၁၇ နှစ်လယ်ပိုင်းက ထည့်သွင်းခဲ့ကြောင်း၊ အိန္ဒိယအစိုးရနှင့် ဆွေးနွေးသည့် NSCN(IM) အဓိက ကိုယ်စားလှယ်များ ဖြစ်ကြသော အေတန်၊ အန်တိုနီနှင့်အေပန်တို့၏ ဖုန်းနံပါတ်များမှာ ထိုနှစ်က database ထဲသို့ ပေါက်ကြားခဲ့ပြီးဖြစ်ကြောင်း၊ ထိုပေါက်ကြားသည့်မှတ်တမ်းသည် ၂၀၁၉ နှစ်လယ် ပိုင်းတွင် နိဂုံးချုပ်ထားသည်။

ပုံ- ဝန်ကြီးချုပ် မိုးဒီနှင့် NSCN(IM)ခေါင်းဆောင်များ ငြိမ်းချမ်းရေးသဘောတူညီချက်ရယူစဉ်က တွေ့ရစဉ်(PTI)

အန်တိုနီရှီမရေးကို ယင်းသို့စောင့်ကြည့်ထောက်လှမ်းရန် ရွေးရခြင်းမှာ ၎င်းသည် ထိုစဉ်က NSCN(IM)၏ စစ်ဆင်ရေးများတွင် စစ်ဦးချုပ်အသစ်အဖြစ် ဖန်သင်းရှီမရန်ထံမှ တာဝန် ကို ဆက်ခံရသောကြောင့် ဖြစ်သည်။

အေတန်နှင့် အေပန်တို့က ဗဟိုအစိုးရမှ စေလွှတ်သည့် အာရ်အင်န်ရာဘီကို တွေ့ဆုံပြီး ၂၀၁၅ ခုနှစ်၊ ဩဂုတ်လအကုန်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးနေချိန်တွင် အန်တိုနာသည် တီဟာအကျဉ်းထောင်ထဲ ရောက်ရှိနေသည်။ သူ့ကို တရုတ်ကုမ္ပဏီ တစ်ခု နှင့် လက်နက် အရောင်းအဝယ်လုပ်ရန် ညှိနှိုင်းသည်ဟူသော စွဲချက်ဖြင့် ၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာက ခတ္တမန္ဒူတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အိန္ဒိယအစိုးရကို တိုက်ခိုက်ရန် အားထုတ်ကြံစည်မှု စီရင်ချက်ဖြင့် ထောင်ဒဏ် ၆ နှစ် ကျခံခဲ့ရသည်။

ထို့နောက် ၂၀၁၆ ခုနှစ်၊ ဩဂုတ် ၄ ရက်တွင် အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က မိုဒီအစိုးရနှင့် ငြိမ်းချမ်း ရေး ဆွေးနွေးပွဲတွင် ပါဝင်တက်ရောက်နိုင်စေရန် အန်တိုနီကို အထူးတရားရုံးမှတဆင့် အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။ ဟိန္ဒူစတန်တိုင်းမ်သတင်းစာ၏ ဖော်ပြချက်အရ အာရ်အင်န်ရာဘီသည် အန်တိုနီရှီမရေး အာမခံဖြင့် ပြန်လွတ်ရေး အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု သိရသည်။

အထက်ဖော်ပြပါ အကြောင်းတရားတို့မှာ အန်တိုနီရှီမရေး ကိုင်ဆောင်အသုံးပြုသည့် ဖုန်းနံပါတ်နှစ်ခုထဲမှ အချက်အလက်များ ၂၀၁၇ ခုနှစ် အကုန်ပိုင်းမှာ ပေါက်ကြားသည့် ဖုန်းနံပါတ်စာရင်းတွင် မည်သို့မည်ပုံ ပေါ်လာရသနည်းဆိုသည့် မေးခွန်းအတွက် အဖြေပင်ဖြစ်သည်။

တချို့သတင်းများအဆိုအရ ဖန်သင်းနှင့်အေပန် နှစ်ယောက်စလုံးသည် ၂၀၁၉ ခုနှစ်အကုန်ပိုင်းတွင် အိန္ဒိယနိုင်ငံပိုင်နက်ထဲမှ ထွက်ခွာသွားပြီဟု သိရသည်။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ က News18 သတင်းဌာန၏ ဖော်ပြချက်တွင် ဖန်သင်းနှင့် ရဲဘော်နှစ်ဦး တို့သည် မြန်မာနိုင်ငံဘက်ခြမ်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှတဆင့် တရုတ်နိုင်ငံသို့ ရောက်ရှိသွား ကြောင်း မြန်မာ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ထိပ်တန်းတပ်မှူးတစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး ရေးသားထားသည်။ ယင်းခေါင်းဆောင် ၃ ဦးတို့သည် အိန္ဒိယကို တိုက်ခိုက် ရေးအတွက် အကူအညီတောင်းခံရန် တရုတ်အာဏာပိုင်များနှင့် စကားပြောဆို နေသည် ဟူသော သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

အမည်မဖော်လိုသူ တပ်မှူးကို ကိုးကားထားသော အဆိုပါ သတင်းဖော်ပြချက်အရ NSCN-IM ခေါင်းဆောင် အန်တိုနီရှီမရေး သည် အိန္ဒိယနယ်စပ်တွင် ရှိနေကြောင်း၊ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာကတည်းက နယ်စပ်တွင် IM အဖွဲ့မှ တပ်ဖွဲ့ဝင်အင်အား ၃၀၀၀ ကျော် ခိုလှုံနေကြောင်း သိရသည်။

Source: The Wire