CNI News

ဘေဂျင်၊ ဇူလိုင် ၂၇

Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပြီးနောက် လူ့ကိုယ်တွင်း ခုခံအားစနစ် ပဋိပစ္စည်းထွက်ရှိမှု ၆ လ အကြာ အတန်ငယ် ကျဆင်းပြီးနောက် တတိယအကြိမ် ထပ်မံထိုးနှံလျှင် ပိုမိုအားကောင်းသော ခုခံအားစနစ်ဖြစ်လာကြောင်း တရုတ်သုတေသီများ၏ ဓါတ်ခွဲခန်းသုတေသန ပြုချက်တစ်ခုတွင် ပြောဆိုထားကြောင်း Channel News Asia က သတင်း ဖော်ပြသည်။

အသက် ၁၈ နှစ်မှ ၅၉ နှစ်အတွင်း ကျန်းမာပြီး အရွယ်ရောက်သူများထံမှ သွေးနမူနာများကို စစ်ဆေးပြီးနောက် တရုတ် သုတေသီများက Sinovac ကာကွယ်ဆေး၏ အာနိသင်နှင့်ပတ်သက်၍ ဇူလိုင် ၂၅ ရက်က ဖြန့်ဝေသော သုတေသန စာတမ်း တစ်စောင်တွင် ပြောထားခြင်း ဖြစ်သည်။

ရက်သတ္တနှစ်ပတ် (သို့မဟုတ်) လေးပတ်ခွဲ၍ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးနောက် ပြင်ပမှ ခန္ဓာကိုယ်သို့ ကူးစက် ဝင် ရောက်လာသော ရောဂါပိုးများကို ချေမှုန်းနိုင်သည့် ပဋိပစ္စည်းများ ထွက်ရှိမှုနှုန်းသည် ၁၆ ဒသမ ၉ ရာခိုင်နှုန်းမှ ၃၅ ဒသမ ၂ ရာခိုင်နှုန်းသာရှိပြီး ဒုတိယအကြိမ် ထိုးနှံပြီး ၆ လအကြာမှ ခုခံစွမ်းအား ပိုထက်မြက်လာကြောင်း အဆိုပါ သုတေသန စာတမ်းတွင် ဆက်လက် ရေးသားထားသည်။

တစ်အုပ်စုလျှင် လူ ၅၀ ထက်မနည်း ပါဝင်စမ်းသပ်ခံယူပြီးနောက် အဆိုပါ သုတေသနစာတမ်းကို ပြုစုခဲ့ခြင်းဖြစ်ပြီး တတိယ အကြိမ် ကာကွယ်ဆေးထိုးသူ စုစုပေါင်း လူ ၅၄၀ ခန့်ကို ပဏာမ လေ့လာဆန်းစစ်ခဲ့သည်။

ယင်း ကာကွယ်ဆေး သုတေသနလုပ်ငန်းတွင် တရုတ်နိုင်ငံ၊ ကျန်စုပြည်နယ်ရှိ ရောဂါထိန်းချုပ်ရေးအာဏာပိုင်အဖွဲ့နှင့် တခြား တရုတ်ဆေးသိပ္ပံအဖွဲ့များမှ သုတေသီများ ပူးပေါင်းလေ့လာခဲ့ကြသည်။

တတိယအကြိမ် ကာကွယ်ဆေးထိုးပြီးသည့်တိုင် ပဋိပစ္စည်းထွက်ရှိမှု ကြာမြင့်ချိန်ကို အကဲဖြတ်ရန် နောက်ထပ် သုတေသန လုပ်ရန် လိုအပ်ကြောင်း ၎င်းသုတေသီများက မှတ်ချက်ချသည်။

Source: Channel News Asia, Reuters


#Sinovac
#Covid19
#ကာကွယ်ဆေး
#ပဋိပစ္စည်း
#ခုခံစွမ်း
#တရုတ်ဆေး
#CNImyanmar
#cninews