ဘာလင်၊ ဒီဇင်ဘာ ၉
လက်ဝဲယိမ်းခေါင်းဆောင် အိုလာရှော့ဇ် (Olaf Scholz) သည် ဒီဇင်ဘာ ၈ ရက်တွင် ဂျာမနီနိုင်ငံ၏ ဒုတိယ ကမ္ဘာစစ်အပြီး နဝမမြောက်ဝန်ကြီးချုပ်(အဓိပတိ)ဖြစ်လာခဲ့ပြီး ဥရောပသမဂ္ဂအုပ်စုအတွင်း လူဦးရေ အများဆုံး နိုင်ငံကို ဦးဆောင်သွားတော့မည်ဖြစ်သည်။ အိန်ဂျာလာမာကယ်၏ ရာထူးသက်တမ်း ၁၆ နှစ်အပြီး အကြီးဆုံး စီးပွားရေးကဏ္ဍအတွက် ခေတ်သစ်တစ်ခုကိုလည်း အိုလာရှော့ဇ်က စတင်ဖွင့်လှစ်လိုက်ကြောင်း အေပီ သတင်းဌာနက ရေးသားဖော်ပြသည်။
ရှော့ဇ်၏အစိုးရသည် ဂျာမနီကို ခေတ်မီအောင် လုပ်ဆောင်ရန်နှင့် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရန် မျှော်လင့်ချက်ကြီးစွာဖြင့် တာဝန်ယူလိုက်သော်လည်း နိုင်ငံအတွက် အပြင်းထန်ဆုံးသော ကိုရိုနာဗိုင်းရပ်စ်ကို ကိုင်တွယ်ဖြေရှင်းရေးအတွက် လတ်တလောစိန်ခေါ်မှုနှင့် ရင်ဆိုင်နေရသည်။
ရှော့ဇ်ကို ရွေးချယ်တင်မြှောက်ရန် ဂျာမန်လွှတ်တော်အမတ်များသည် ထောက်ခံမဲ ၃၉၅ မဲ၊ ကန့်ကွက်မဲ ၃၀၃ မဲ၊ ကြားနေမဲ ၆ မဲတို့ဖြင့် အများစုထောက်ခံမှုရရှိ၍ သက်သောင့်သက်သာအဖြစ် အာဏာရလာခဲ့သည်။ ဂျာမန် အောက်လွှတ်တော်တွင် အမတ်နေရာပေါင်း ၇၃၆ နေရာရှိသည့်အနက် ရှော့ဇ်၏ ၃ ပါတီညွန့်ပေါင်းအဖွဲ့က ၄၁၆ နေရာထက်မနည်း ရရှိထားသည်။
လွှတ်တော်အမတ်မဟုတ်တော့သည့် အိန်ဂျလာမာကယ်သည် လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်ချိန်တွင် လွှတ် တော် ဧည့်ပရိသတ်များနေရာမှထိုင်၍ မဲခွဲနေပုံကို ကြည့်ရှုနေခဲ့သည်။ လက်ရှိ လွှတ်တော်ကိုယ်စားလှယ်များက လည်း သူမကို တလေးတစား ဂုဏ်ပြုကြိုဆိုကြသည်။
၂၀၁၈ ခုနှစ်ကတည်းက ဂျာမနီ၏ ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးဖြစ်ခဲ့သူ အသက် ၆၃ နှစ်ရှိ ရှော့ဇ်သည် ၎င်း၏ ဗဟိုလက်ဝဲဆိုရှယ်ဒီမိုကရက်အုပ်စုဝင်များ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမား Greens ပါတီဝင် များနှင့် စီးပွားရေးလိုလားသူ လွတ်လပ်သောဒီမိုကရက်သမားများ၏ နိုင်ငံရေးအတွေ့အကြုံများနှင့် စည်းစနစ် များကို ယခုဝန်ကြီးချုပ်ရာထူးလက်ခံချိန်နှင့် တပါတည်း ယူဆောင်လာခဲ့ပြီဖြစ်သည်။
အဆိုပါ ပါတီ ၃ ဖွဲ့သည် မာကယ်၏ ရာထူးသက်တမ်းကုန်ဆုံးခါနီးတွင် ဂျာမနီနိုင်ငံအတွက် စွမ်းအင်သစ်များ ဆောင်ကြဉ်းပေးမည့် တိုးတက်သောမဟာမိတ်များအဖြစ် နိုင်ငံရေးပြိုင်ဘက်ဟောင်းများ ပေါင်းစည်းမှုအဖြစ် ပုံဖော်ထားသည်။
“ကျနော်တို့ဟာ ဒီဆယ်စုနှစ်ရဲ့ အဓိကစိန်ခေါ်မှုတွေနဲ့ အဲဒီစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်တဲ့ နိုင်ငံရေး ခရီးအစပျိုးမှုတစ်ခုကို စွန့်စားလုပ်ဆောင်နေပါတယ်” ဟု ရှော့ဇ်က ယခုသီတင်းပတ်တွင် ပြောကြားခဲ့သည်။
“ဒါဟာ နောက်ထပ်လာမယ့်ရွေးကောက်ပွဲ တညီတညွတ်တည်း ပြန်အရွေးခံရမယ့် အခွင့်အာဏာပဲဖြစ်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ဆုတ်ယုတ်မှုများကို အလျင်အမြန် ဘေးချိတ်၍ စွမ်းရည်ပြသမှုဖြင့် မိမိကိုယ်ကိုယုံကြည်မှုအပြည့်အဝရှိသော အိုလာရှော့ဇ်သည် ၎င်းကို ဂျာမန်သမ္မတ ဖရန့်ဝေါတာစတိန်းမီယာက ရွေးကောက်တင်မြှောက်၍ ဝန်ကြီးချုပ် အဖြစ် တရားဝင်ခန့်အပ်လိုက်ချိန်မှာတော့ ပြုံးရွှင်လို့ သွားခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်အသစ်သည် ကျမ်းသစ္စာကျိန်ဆိုရန် လွှတ်တော်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ဘာသာရေးနှင့် ဆက်နွှယ်မှုမရှိသူ ရှော့ဇ်သည် မာကယ်မတိုင်မီ ဝန်ကြီးချုပ်ဟောင်း ဂါဟက်သျှိုအီဒါ (Gerhard Schroeder) ကဲ့သို့ပင် ရာထူးခန့်အပ်ခြင်းအတွက် ကျမ်းသစ္စာကျိန်ဆိုချိန်၌ “တပည့်တော်ကို ကူညီတော်မူပါ ဘုရား” ဟူသော စာပိုဒ်ကို ချန်လှပ်ခဲ့သည်။
Source: AP