ဝါဂါဒူဂူ ဒီဇင်ဘာ ၉

အနောက်အာဖရိကရှိ ဘာကီးနားဖားဆိုနိုင်ငံတွင် သမ္မတကာဘိုရီက လုံခြုံရေး အကျပ်အတည်း အကြောင်းပြချက် ဖြင့် ဝန်ကြီးချုပ်ကို ရာထူးမှ ထုတ်ပယ်ခဲ့ခြင်းကြောင့် လမ်းပေါ်ထွက်ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့သည်ဟု အယ်လ်ဂျာဇီးယားက ဖော်ပြသည်။

အဆိုပါ ဆန္ဒပြပွဲများကြောင့် လူထောင်နှင့်ချီ၍ သေဆုံးခဲ့သည်ဟုလည်း အယ်လ်ဂျာဇီးယားက ဆက်လက်ဖော်ပြထားသည်။

အာဖရိကတိုက် အနောက်ပိုင်းတွင် တည်ရှိပြီး ကုန်းတွင်းပိတ်၍ ဆင်းရဲမွဲတေလှသော ဘာကီးနားဖားဆိုနိုင်ငံသည် ၂၀၁၆ ခုနှစ်ကတည်းက အယ်လ်ကိုင်းဒါးနှင့် အိုင်အက်စ် အကြမ်း ဖက်အဖွဲ့တို့နှင့် ဆက်စပ်သည့် တိုက်ခိုက်မှုများကြောင့် လူပေါင်း ၂,၀၀၀ သေကြေခဲ့ရပြီး လူ ၁ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရခြင်းကြောင့် ခါးသီးသော အတွေ့ အကြုံများ ပြည့်နှက်နေ သော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။

ပြီးခဲ့သည့်လက အယ်လ်ကိုင်းဒါးအဖွဲ့နှင့် ဆက်စပ်သည့် တိုက်ခိုက်မှု တစ်ခုအတွင်း စစ်မှုထမ်း၊ ရဲမှုထမ်း ၄၉ ဦးနှင့် အရပ်သား ၄ ဦး သေဆုံးခဲ့ပြီးနောက် ပြည်သူလူထု၏ ဒေါသထွက်မှုသည် နိုင်ငံတဝန်း ပျံ့နှံ့လာခဲ့ကာ သမ္မတကာဘိုရီ အပေါ် အပြောင်း အလဲများ ပြုလုပ်ရန် ဖိအားတိုးလာခဲ့သည်။

သမ္မတကာဘိုရီသည် စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်ကိုလည်း အပြောင်းအလဲ လုပ်ခဲ့ပြီး ဖြစ်သည်။

ထို့နောက် ယမန်နေ့က ဝန်ကြီးချုပ်ဒါဘရီထံမှ နှုတ်ထွက်လွှာတစ်စောင်ကို ကာဘိုရီ လက်ခံရရှိထားကြောင်း သမ္မတရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။

ပုံ-ဘာကီးနားဖားဆိုနိုင်ငံတွင် ဆန္ဒပြပွဲနေကြစဉ်။(AFP)

“အဲဒီနှုတ်ထွက်စာအရ ဝန်ကြီးချုပ်ဒါဘရီရဲ့ တာဝန်တွေကို ရပ်စဲလိုက်ပါပြီ” ဟု အစိုးရအဖွဲ့၏ အထွေထွေအတွင်းရေးမှူး စလက်စနူးက အများပြည်သူ ကြည့်ရှုနေကျ ရုပ်သံလိုင်းမှတဆင့် ဒီဇင်ဘာ ၈ ရက်၌ သမ္မတ၏အမိန့်စာကို ဖတ်ကြား ကြေညာသွားခဲ့သည်။

ဘာကီးနားဖားဆိုနိုင်ငံ၏ ဥပဒေအရ ဝန်ကြီးချုပ်တစ်ဦး နှုတ်ထွက်ခြင်းကြောင့် အစိုးရတစ်ရပ်လုံးလည်း နှုတ်ထွက်ရန် လိုအပ်သည်။

သို့သော် အစိုးရသစ် မဖွဲ့မချင်း အိမ်စောင့်အစိုးရ အနေဖြင့် ဆက်လက်ရှိနေရန် လိုအပ်မည်ဖြစ်ကြောင်း စလက်စနူးက ဆက်လက် ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် ဒါဘရီသည် ၂၀၁၉ ခုနှစ်အစောပိုင်းတွင် ဝန်ကြီးချုပ် ဖြစ်လာခဲ့ပြီးနောက် သမ္မတက ဒါဘရီ၏ ဒုတိယနှင့် နောက် ဆုံး သက်တမ်းအတွက် ဆက်လက် ခန့်အပ်ခဲ့သဖြင့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် ပြန်လည် ခန့်အပ်ခံခဲ့ရသည်။

ဘာကီးနားဖားဆိုနိုင်ငံသည် အိမ်နီးချင်း မာလီနှင့်နိုက်ဂျားတို့၌ နေရာအနှံ့အပြား ဖြစ်ပွားခဲ့သော သဘောထား တင်းမာသည့် လက်နက်ကိုင် အုံကြွမှုများ၏ အချက်အချာ နေရာလည်း ဖြစ်သည်။

ကိုလိုနီ အုပ်စိုးသူဟောင်း ပြင်သစ်နှင့် အခြားဒေသခံ တပ်များက အဆိုပါ အကြမ်းဖက် အုံကြွမှုများကို တိုက်ဖျက်ရန် ကြိုးပမ်း သော်လည်း ယနေ့အထိ မအောင်မြင်သေးပေ။

Source: Aljazeera