ဘန်ကောက် ဒီဇင်ဘာ ၉

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာသည် ဒီဇင်ဘာ ၈ ရက်တွင် ဒုတိယဝန်ကြီးချုပ် ပရာဝစ်ဝေါင်စူဝမ်နှင့် နေ့လယ်စာ အတူ စားသုံးပြခြင်းဖြင့် ၎င်းတို့နှစ်ဦးကြား ပဋိပက္ခဖြစ်ပွားနေသည်ဆိုသော ကောလာဟလများကို ချေဖျက်ခဲ့ကြောင်း ဘန်ကောက် ပို့စ်က ဖော်ပြခဲ့သည်။

၎င်းတို့နှစ်ဦးသည် ဘန်ကောက်မြို့ ဗီဘာဗဒီရန်စစ်လမ်းရှိ တပ်မတော်ကလပ်တွင် ပြည်တွင်း လုံခြုံမှုစစ်ဆင်ရေး ကွပ်ကဲမှု အဖွဲ့ (Isoc) အစည်းအဝေးသို့ တက်ရောက်ပြီးနောက် ဖဟွန်းယိုသင်လမ်းက နယ်နိမိတ်ချင်း ထိစပ်နေသော ပြည်နယ် ၅ ခု ဆိုင်ရာ သစ်တောထိန်းသိမ်းစောင့်ရှောက်ရေး ဖောင်းဒေးရှင်းနေရာတွင် နေ့လယ်စာ အတူသုံးဆောင်ခဲ့ကြသည်။

ထိုနေ့လယ်စာ အတူသုံးဆောင်ရာတွင် ပြည်ထဲ‌ရေးဝန်ကြီး အာနူပေါင်ပါအိုဂျင်ဒါလည်း တက်ရောက်ခဲ့သည်။

ထိုင်းအစိုးရအတွင်းမှ ကောလာဟလအနေဖြင့် ဗိုလ်ကြီး သနာမက်ပရွန်ပေါနှင့် ပတ်သက်သည့် အငြင်းပွားမှုများအပေါ် အခြေ ခံသည့် သတင်းတစ်ခုထွက်ခဲ့သည်။ ဗိုလ်ကြီး သနာမက်ပရွန်ပေါကို ပါတီအထွေထွေအတွင်းရေးမှူးအဖြစ် ဆက်လက် ရပ် တည်ရေး ကိစ္စအတွက် အာဏာရ ပလန်ပရာချာရတ်ပါတီ (PPRP) ၏ ခေါင်းဆောင်အဖြစ် ဒုဝန်ကြီးချုပ် ပရာဝစ်ဝေါင်စူဝမ် အစောပိုင်းက ကိုင်တွယ် ဖြေရှင်း ပေးခဲ့ရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ပါတီအလုပ်အမှုဆောင် ကော်မတီအစည်းအဝေးတွင် ပြဿနာတက်ခဲ့သော်လည်း ပါတီ၏ အမှုဆောင်ဖွဲ့စည်းပုံမှာ အပြောင်းအလဲမရှိကြောင်း ဗိုလ်ချုပ်ကြီး ပရာဝစ်ဝေါင်စူဝမ်က အစောပိုင်းတွင် ပြောကြားခဲ့သည်။

ပုံ- ဗိုလ်ချုပ်ကြီးပရာယွတ်နဲ့ ဗိုလ်ချုပ်ကြီးပရာဝစ်ဝေါင်စူဝမ်ကိုတွေ့ရစဉ်။ (Reuters)

ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ပြင်ဆင်ရေးရှိနိုင်သည်ဟု ထင်ကြေးများ ရှိနေသည့်ကြားမှ အဆိုပါကော်မတီ အစည်းအဝေးကို ကျင်းပခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကြီး ပရာယွတ်ကတော့ PPRP ပါတီ၏ အဖွဲ့ခွဲအသီးသီးမှ အမာခံပါတီဝင်များကို အစိုးရအိမ်တော်သို့ တွေ့ဆုံရန် ဆင့်ခေါ်ပြီးနောက် ပါတီတွင်း ပြုပြင်ပြောင်းလဲရေးကိစ္စကို ဆွဲဆောင်နိုင်ခဲ့သည်။

 

ဝန်ကြီးချုပ်ကို ဖြုတ်ချရန် ကြံစည်မှုဖြင့် စိုက်ပျိုးရေးဒုတိယဝန်ကြီးကို ရာထူးမှ ထုတ်ပယ်လိုက်ပြီးနောက် အာဏာရပါတီ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဗိုလ်ကြီးသမာနက်ကိုပါ ဖယ်ရှားလိုက်သည့်ကိစ္စမှာ ပါတီတွင်း ပြောင်းလဲပြင်ဆင်ရေးအဖြစ် သိသာထင်ရှားစွာ တွေ့နိုင်သည်။

ဒီဇင်ဘာ ၈ ရက် အစောပိုင်းက ဝန်ကြီးချုပ် ပရာယွတ်သည် Isoc အဖွဲ့၏ အစည်းအဝေးသို့ တက်ရောက်၍ သဘာပတိအဖြစ် ဆောင်ရွက်လျက် ယင်းအဖွဲ့၏ ယမန်နှစ် စွမ်းဆောင်ရည်များကို အနှစ်ချုပ်ပြောကြားခဲ့ပြီး ၂၀၂၂ ခုနှစ်အတွက် အဖွဲ့၏ ဆက်လက် လုပ်ဆောင်မည့် အစီအစဉ်များကို ကြေညာပေးခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ ဗိုလ်ချုပ်ကြီး ပရာဝစ်၊ ဗိုလ်ချုပ်ကြီး အနူပွန်နှင့် လက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်များ တက်ရောက် ခဲ့ကြသည်။

အစည်းဝေးတွင် ဗိုလ်ချုပ်ကြီး ပရာယွတ်က ဒေသတွင်းလုံခြုံရေးကို ပိုမိုအာရုံစိုက်ရန်နှင့် နိုင်ငံ့လုံခြုံရေးအတွက် ခြိမ်းခြောက် မှုများကို ကိုင်တွယ်ဖြေရှင်းရန် ထိုင်းရဲတပ်ဖွဲ့ကို အမိန့်ပေးခဲ့သည်။

 Source: Bangkok Post