အိန္ဒိယကာချုပ် ဘီပင်ရာဝပ်၏ ရဟတ်ယာဉ် တမီလ်နာဒူးတွင် ပျက်ကျ

CNI International News

နယူးဒေလီ ဒီဇင်ဘာ ၈

အိန္ဒိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘီပင်ရာဝပ်နှင့် ဇနီးတို့ လိုက်ပါပျံသန်းလာသော အိန္ဒိယလေတပ်မှ ရဟတ်ယာဉ် တစ်စင်းသည် ဒီဇင်ဘာ ၈ ရက်က တမီလ်နာဒူးပြည်နယ်တွင် ပျက်ကျသွားခဲ့ကြောင်း indianexpress.com ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

အဆိုပါ ပျက်ကျသွားသည့် ရဟတ်ယာဉ်မှာ Mi-17V5 အမျိုးအစား ရဟတ်ယာဉ်ဖြစ်ပြီး တမီလ်နာဒူး ပြည်နယ်(မဒရပ်ပြည်နယ်)၊ ဆူလာမြို့မှ ဝယ်လင်တန်မြို့သို့ စတင်ပျံသန်းခဲ့ခြင်းဖြစ်သည်။

“ဗိုလ်ချုပ်ကြီး ဘီပင်ရာဝပ် လိုက်ပါစီးနင်းလာတဲ့ အိန္ဒိယလေတပ်(IAF) မှ Mi-17V5 ရဟတ်ယာဉ်ဟာ တမီလ်နာဒူးပြည်နယ်၊ ကိုးနိုးမြို့အနီးမှာ ဒီကနေ့ မတော်တဆ ပျက်ကျသွားခဲ့ပါတယ်။ ဖြစ်စဉ်အကြောင်းရင်းကို စုံစမ်းဖို့ အမိန့်ထုတ်ထားပါတယ်” ဟု လေတပ် ၏တရားဝင် တွစ်တာစာမျက်နှာတွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ရဟတ်ယာဉ် ပျက်ကျမှုဖြစ်စဉ်ကို ကာကွယ်ရေးဝန်ကြီး ရက်ဂျ်နက်ဆင်းက ဝန်ကြီးချုပ်မိုဒီထံသို့ အစီရင်ခံခဲ့သည်။ ထို့ပြင် ဝန်ကြီးက လွှတ်တော်သို့လည်း ဖြစ်စဉ်အကျဉ်းချုံးပြီး ယနေ့ အစီရင်ခံတင်ပြရန်လည်း ရှိသည်။  

ထိုဖြစ်စဉ်မှ ဒဏ်ရာရသူ အနည်းဆုံး ၃ ဦးကို အခင်းဖြစ်ပွားရာ အနီးအနားရှိ ဆေးရုံသို့ တင်ပို့ထားကြောင်း သတင်း ရင်းမြစ် များက ပြောသည်။

Mi စီးရီး ရဟတ်ယာဉ်သည် တမီလ်နာဒူးပြည်နယ်အတွင်းရှိ ဆူလာမြို့ရှိ စစ်အခြေစိုက်စခန်းမှ စတင်ပျံသန်းထွက်ခွာလာပြီး မကြာမီ နေးဂီရက်စ်မြို့အနီးတွင် ပျက်ကျသွားခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

Source: Indian Express