၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၅

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ နာယက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးတင်ဦးနှင့် ဗိုလ်ချုပ်ကြီး ခင်ညွန့်(အငြိမ်းစား)တို့ကို နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့(ဒီဇင်ဘာ ၅ ရက်)နံနက်ပိုင်းတွင် သွားရောက် တွေ့ဆုံခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် နစကဥက္ကဋ္ဌသည် ဗဟန်းမြို့နယ်၊ သံလွင်လမ်းရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ဟောင်း) နှင့် NLD ၏ နာယက ဗိုလ်ချုပ်ကြီး(ဟောင်း)ဦးတင်ဦး၏ နေအိမ်သို့ သွားရောက်၍ ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး ကျန်းမာရေး အခြေအနေများအား မေးမြန်းအားပေးစကား ပြောခဲ့သည်ဟု ဖော်ပြထားသည်။

ထို့နောက် ဦးတင်ဦး၏ ကျန်းမာရေးအခြေအနေများနှင့် ပတ်သက်၍ လိုအပ်ချက်များရှိပါက အချိန်တိုအတွင်း ဖြည်ဆည်း ဆောင်ရွက်ပေးနိုင်ရေး၊ တပ်မတော်ဆေးရုံများတွင် လိုအပ်သည့် ဆေးကုသမှုများခံယူနိုင်ရေးတို့အတွက် ပြောကြားခဲ့သည် ဟုလည်း နစက-က ဆိုသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဟုတ်ပါတယ်။ ဦးတင်ဦး၊ ဦးခင်ညွန့်တို့နဲ့တွေ့ဆုံခဲ့ပါတယ်”ဟု CNI သို့ ပြောသည်။

 

ဦးတင်ဦးနှင့် တွေ့ဆုံပြီးနောက်မှာ ဦးခင်ညွန့်၊ စည်သူဘိုကလေးတင့်အောင်တို့ကိုလည်း သွားရောက် တွေ့ဆုံခဲ့သည်ဟု နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ တွေ့ဆုံမှုများတွင် နစက အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ နစက၏ တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်ဦး၊ ဦးမောင်မောင်အုန်း၊ ဒေါက်တာသက်ခိုင်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ ပါဝင်ခဲ့သည်ဟု ဆိုသည်။