ခါတွမ်း၊ဒီဇင်ဘာ ၅

၂၀၂၃ ခုနှစ်အတွက် စီစဉ်ထားသော ရွေးကောက်ပွဲပြီးလျှင် စစ်တပ်အနေဖြင့် နိုင်ငံရေးမှ ထွက်ခွာမည်ဟု ဆူဒန်စစ်ဦးစီးချုပ် ပြောကြားလိုက်ကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ရေးသားဖော်ပြသည်။

ဗိုလ်ချုပ်ကြီး အေဒယ်ဖာတာဘာဟန်သည် ဒီဇင်ဘာ ၄ ရက်က နိုင်ငံတကာသတင်းအေဂျင်စီများသို့ အင်တာဗျူး များ ဖြေပေးခဲ့ရာ တစ်ခုသောအင်တာဗျူးတွင် အဆိုပါအာမခံချက်ကို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဆူဒန်၏ အရပ်သားဦးဆောင်သော ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို အရှိန်မြှင့်နေစဉ် ပြီးခဲ့သည့် အောက်တိုဘာလနှောင်းပိုင်းက စစ်တပ်အာဏာသိမ်းခဲ့သော်လည်း တစ်လနီးပါးအကြာ နိုဝင်ဘာ ၂၁ ရက်တွင် သဘောတူညီချက်ရရှိပြီး ဝန်ကြီးချုပ် အဗ္ဗဒူလာဟမ်းဒေါ့ကို မူလရာထူးတာဝန် ပြန်ခန့်ကာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ရွေးကောက်ပွဲကျင်းပချိန်အထိ နိုင်ငံရေးနည်းလမ်းဖြင့် ဒီမိုကရေစီကျကျ ဦးဆောင်ရန် စစ်တပ်က ဖြေလျော့ ပေးခဲ့သည်။

“အစိုးရတစ်ရပ်ကို ရွေးကောက်တင်မြှောက်တဲ့အခါ စစ်တပ်၊ လက်နက်ကိုင်တပ် (ဒါမှမဟုတ်) လုံခြုံရေး တပ်ဖွဲ့တွေက နိုင်ငံရေးမှာ ပါဝင်သင့်တယ်လို့ မထင်ဘူး။ ဒါက ကျနော်တို့ သဘောတူပြီးသား ပကတိ အခြေအနေပါပဲ” ဟု အယ်လ်ဘာဟန်က ရိုက်တာသတင်းဌာနသို့ ပြောသည်။

Photo-Reuters

ဆူဒန်နိုင်ငံတွင် နှစ်ပေါင်းအတန်ကြာ အုပ်စိုးခဲ့သူ အိုမာအယ်လ်ဘာရှားကို ဖြုတ်ချပြီးနောက် အရပ်သား နိုင်ငံရေးပါတီများနှင့် ပူးပေါင်းမှု အဆုံးသတ်စေခဲ့သော အာဏာသိမ်းမှုရှိခဲ့ရာ အရပ်သားအစိုးရတာဝန်ရှိသူများ ဆယ်ဂဏန်းအထိ ဖမ်းဆီး၍ ဆန္ဒပြသူများကို ဖြိုခွင်းခဲ့ခြင်းကြောင့် နိုင်ငံတကာက ရှုတ်ချခဲ့ကြသည်။

ဆူဒန်နိုင်ငံရေးအသိုင်းအဝိုင်းရှိ တော်လှန်ရေးကော်မတီများနှင့် နိုင်ငံရေးပါတီများက စစ်တပ်ကို နိုင်ငံရေးမှ ချက်ချင်းထွက်ခွာသွားရန် တောင်းဆိုထားပြီး ဟမ်းဒေါ့နှင့်သဘောတူညီချက်အပါအဝင် တစ်စုံတရာ အပေးအယူ လုပ်ခြင်းကို ပယ်ချထားကြသည်။

ဆူဒန် ဆန္ဒပြပွဲများအတွင် အနည်းဆုံး လူ ၄၄ ဦး သေဆုံးခဲ့ပြီး သေဆုံးသူအများစုမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သေနတ်ကျည်ကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။

“ဆန္ဒပြမှုမှာပါဝင်ခဲ့တဲ့ သူတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ခဲ့ပါတယ်။ ဘယ်သူက စလိုက်သလဲဆိုတာ ဖော်ထုတ်ပြီး ရာဇဝတ်ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူဖို့ ဆောင်ရွက်နေပါပြီ” ဟု အယ်လ်ဘာဟန်က ပြောကြားခဲ့ပြီး ငြိမ်းချမ်းစွာဆန္ဒပြမှုမဟုတ်သည့် အပြုအမူများကိုသာ လူစုခွဲခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံတကာသတင်းဌာနများသို့ ရှင်းပြခဲ့သည်။

ယခင်က ဆူဒန်ကို အုပ်စိုးခဲ့သူ အယ်လ်ဘာရှားသည် အကျင့်ပျက်ခြစားမှုနှင့် အခြားစွဲချက်များဖြင့် ဖြုတ်ချခံရပြီး ကတည်းက ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်။ ၎င်းကို အခြားဆူဒန်သံသယရှိသူအများအပြားနှင့်အတူ ဆူဒန်နိုင်ငံ အနောက်ပိုင်းရှိ ဒါဖာဒေသတွင် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ခြင်းနှင့်ပတ်သက်၍ နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) က အလို ရှိနေသည်။

အောက်တိုဘာ အာဏာသိမ်းမှုတွင် ဖျက်သိမ်းခံလိုက်ရသော အရပ်သားအစိုးရသည် အယ်လ်ဘာရှားထံမှ လက်လွှဲ ရယူမှုကို အတည်ပြုခဲ့သော်လည်း စစ်တပ်က သဘောတူခြင်းမရှိသေးပေ။

Source: Aljazeera