၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၅

ကရင်ပြည်နယ် ဖားအံ(ဘားအံ)မြို့နယ်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ မြို့နယ် (EC)မှ အသွားအလာ ကန့်သတ်သည့် အချက် (၄)ချက်ပါ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ခရီးသွားလာခွင့်ကို မနက် (၆) နာရီမှ ညနေ (၆) နာရီအတွင်းသာ သွားလာခွင့်ပြုပြီး ၎င်းကန့်သတ် အချိန်ကို ကျော်လွန်၍ ခရီးသွားလာခွင့် မပြုကြောင်း၊ သထုံခရိုင်၊ ဖားအံမြို့နယ်၊ တပ်ရင်း (၁) ထိန်းချုပ်နယ်မြေအတွင်း မော်တော်ယာဉ်ဖြစ်သည့် ကားဖြင့် ခရီးသွားလာပါက ကားမှန်များကို ချ၍ မောင်းနှင်ရန်ဆိုသော အချက်များ ပါရှိသည်။

ထို့အတူ မော်တော်ကား၊ ဆိုင်ကယ်၊ စက်တပ်ယာဉ်များဖြင့် ခရီးသွားလာရာတွင် တာဝန်အရ စစ်ဆေးလိုပါက ကြည်ဖြူစွာ လက်ခံပေးရန်နှင့် ပြည်သူများအနေဖြင့် အရေးပေါ်ကိစ္စရပ်များ ရှိလာပါက သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များထံ ဆက်သွယ် အကြောင်းကြားရန်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကရင်ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ရေး ကော်မတီဝင် (JMC-S) မှ နော်မေလာထူးက ဖာပွန်တွင်လည်း ယခုကဲ့သို့ ကန့်သတ်ချက်များကို နှစ်ဖက် အဖွဲ့အစည်းက ထုတ်ပြန်ထားကြောင်း ပြောသည်။

နော်မေလာထူးက “အခု ကျမတို့ ဖာပွန်မှာကြ‌တော့ မနက် ၅ ည ၈ အဲလို သတ်မှတ်ထားတယ်။ အခု ကျမတို့ ဖာပွန်မှာ အမိန့်ထုတ်ထားတာ ကားမှာ လိုင်စင်မရှိရင် မမောင်းရဘူး။ တပ်ကလည်း ထုတ်တယ်။ KNU ဘက်ကလည်း ထုတ်တယ်။ နှစ်ဖက်စလုံးပဲပေါ့” ဟု CNI သို့ ပြောသည်။

ထို ခရီးသွားလာမှု ကန့်သတ်မှုများကြောင့် သွားရေးလာရေး အခက်အခဲကြုံတွေ့နေရကြောင်း၊ လက်ရှိမှာလည်း နှစ်ဖက်ပစ်ခတ်သံများ ကြားနေရကြောင်း ၎င်းက ပြောသည်။

KNU က မိမိတို့၏ ထုတ်ပြန်ချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဖြစ်လာမည့် ပြဿနာများကို တာဝန်မယူကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ KNU မှ တာဝန်ရှိ ပုဂ္ဂိုလ်များထံ ဖုန်းဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။

လက်ရှိတွင် ကရင်ပြည်နယ်၌ တပ်မတော်နှင့် KNU ကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး ကရင်ပြည်နယ်အတွင်းနေ ပြည်သူများ နေရပ်စွန့်ခွာ တိုက်ပွဲရှောင်နေကြရသည်။

KNU သည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA) အပါအဝင် ပြည်နယ်-ပြည်ထောင်စုအဆင့် ပဏာမ အပစ်အခတ်ရပ်စဲရေးစာချုပ်(Bilateral)ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည်။