CNI News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၅

မြန်မာနိုင်ငံ၏ ထောက်လှမ်းရေးအကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင် စီ(နစက)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရန်ကုန်မြို့၏ နေအိမ်သို့ သွားရောက်၍ တွေ့ဆုံခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက CNI သို့ အတည်ပြု ပြောသည်။

ယနေ့ (ဒီဇင်ဘာ ၅ ရက်) နံနက်ပိုင်းက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဦးခင်ညွန့်၏ နဝဒေးလမ်းရှိ နေအိမ်သို့ သွားရောက်၍ တွေ့ဆုံခဲ့ခြင်းဖြစ်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ နာယကလည်းဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး တင်ဦးကိုလည်း သွားရောက်တွေ့ဆုံ၍ ကန်တော့ခဲ့ သည်။

ပုံ-ဉီးတင်ဉီးကိုတွေ့ရစဉ်(Myanmar Times)

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဟုတ်ပါတယ်။ ဦးတင်ဦးနဲ့ ဦးခင်ညွန့်ပါ”ဟု CNI သို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဦးတင်ဦးအား တွေ့ဆုံစဉ် နိုင်ငံရေး အကြောင်းများ ဆွေးနွေး ပြောဆိုခြင်း မရှိဘဲ ကျန်းမာရေး အခြေအနေများကိုသာ မေးမြန်း ပြောကြားခဲ့ကြောင်း သိရသည်။

ဦးခင်ညွန့်နှင့်တွေ့ဆုံရာမှာတော့ မည်သည့် အကြောင်းအရာများ ပြောကြားခဲ့သည်ကိုတော့ မသိရသေးပေ။