CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာ့တပ်မတော်၏ စစ်ရေးဗျူဟာအရ အလွန်အရေးပါကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။
ရခိုင်ပြည်နယ်နှင့် ထိစပ်နေသည့် ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး နယ်စပ်များတွင် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း အာရက္ခတပ်တော် (AA) က ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
မြန်မာ့တပ်မတော်အား ဆန့်ကျင်နေကြသည့် တပ်ပေါင်းစုများအနေဖြင့် ပူးပေါင်းပါဝင်မှု အားကောင်းလာနိုင် ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာ့တပ်မတော်၏ အဓိကစစ်ရေးဗျူဟာအရ တော်တော်အရေးပါ ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများမဟာမိတ် (UNA) မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။
ဦးမျိုးကျော်က “အခုက တော်လှန်ရေးမှာတော့ အာရက္ခတပ်တော်ကတော့ ရှေ့ကိုအရမ်းရောက်တယ်ပေါ့ဗျာ၊ ပြည်ထောင်စုထဲမှာရှိတဲ့ ပြည်သူတွေကအစ သူတို့ကို နမူနာပြအနေနဲ့ စံထားတယ်၊ ယုံကြည်တယ်၊ အားကိုးတယ်၊ သူတို့နဲ့ ပူးပေါင်းလာတယ်ပေါ့၊ ပူးပေါင်းလာတဲ့ အခါမှာလည်း ကျနော်တို့ ရခိုင်ပြည်ရဲ့ ထွက်ပေါက်တွေဖြစ်တဲ့ ဂွ၊ တောင်ကုတ်၊ အမ်း ဒီနယ်မြေတွေမှာလည်း မအလကို ဆန့်ကျင်နေတဲ့ အဖွဲ့တွေပေါ့ဗျာ၊ တပ်ပေါင်း စုတွေနဲ့ အတူတူ ဝိုင်းပြီးတိုက်ကြတာ ဖြစ်တယ်လေ၊ အဲဒီပူးပေါင်းပါဝင်လာတဲ့အား ကောင်းလာနိုင်တယ်ပေါ့ဗျာ၊ အကျိုး ဆက်ကတော့ မအလရဲ့နယ်မြေ၊ အုပ်ချုပ်ရေးကတော့ သူတို့ရဲ့ ထွက်ပေါက်ကတော့ ဧရာဝတီက အဓိကကျတယ်၊ သူတို့ရဲ့တည်ရှိမှုဟာလည်း ဧရာဝတီတိုင်း အပိုင်ပေါ့ဗျာ၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းပေါ့ဗျာ၊ ဒါပေမယ့် ဧရာဝတီ ကတော့ သူတို့ရဲ့အဓိက စစ်ရေးဗျူဟာအရ တော်တော် အရေးပါတယ်လို့ ကျနော်ကတော့ သိတယ်၊ ဒီဧရာဝတီက ကျသွားမယ်ဆိုလို့ရှိရင် သူတို့တွေလည်း ခုံလည်း မြဲမှာမဟုတ်တော့ဘူး၊ ဒီဟာနဲ့အတူတူ သူတို့လည်း ပါသွားလိမ့် မယ်လို့ ကျနော်ကတော့ အဲလိုမျိုး ယုံကြည်ပါတယ်” ဟု ပြောသည်။
အမ်း-ပဒါန်းကားလမ်း အနီးပတ်ဝန်းကျင်တွင် မြန်မာ့တပ်မတော်နှင့် ဇန်နဝါရီ ၁၁ ရက်နေ့မှစပြီး တိုက်ပွဲများ ဖြစ်ပွားခဲ့သလို ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအစပ်က နေရာအချို့နှင့် ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့၊ ချင်းစုကျေးရွာအနီး၌လည်း တိုက်ပွဲဖြစ်နေကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
AA တပ်ဖွဲ့ကို တွေ့ရစဉ်
ထို့အတူ မကွေးတိုင်းဒေသကြီးအတွင်းရှိ ဧရာဝတီမြစ်ဝှမ်းတစ်ခုလုံး လွတ်မြောက်ရေးအတွက် ဦးတည်သွားနေ ပြီး မကြာမီ ထိုးစစ်အရှိန် မြှင့်တင်သွားသွားမည်ဖြစ်ကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway)က ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးတွင် စစ်ရေးသတိရှိကြရန် နစကဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရီးစဉ်မှာ ပြောကြားခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးထဲတွင် စစ်ရေးအရှိန်မြင့်လာပါက ဆန်စပါးအဓိက စျေးကွက်သည် ကမောက်ကမ ဖြစ်လာနိုင်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးထဲသို့ တိုက်ပွဲရှောင်များ အလုံးအရင်းဖြင့် ဝင်ရောက်လာနိုင်ကြောင်း၊ ငြိမ်းချမ်းရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာရန် လိုအပ်ကြောင်း ရခိုင်အမျိုးသားကွန်ရက်ဥက္ကဋ္ဌ ဦးတင်ထူးအောင် က CNI သတင်းဌာနသို့ ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့ကိုတွေ့ရစဉ်
ဦးတင်ထူးအောင်က “ဧရာဝတီတိုင်းပေါ်မှာ ဧရာဝတီတိုင်းထဲမှာ စစ်ရေးအရှိန်မြင့်လာပြီဆို လက်ရှိပေါ့နော်၊ စားဝတ်နေရေးအတွက် အဓိကပေါ့နော် ဆန်စပါး အဓိကစျေးကွက်ဟာ ကမောက်ကမ ဖြစ်လာနိုင်တယ်၊ အဓိက ကျနော်တို့အနေနဲ့ ဒီအချက်ကို ဧရာဝတီတိုင်းမှာ တည်ငြိမ်မှု နည်းလာပြီဆိုတာနဲ့ အဓိကပေါ့နော် ကုန်စည်စီးဆင်း မှုရဲ့ ဗဟိုချက်မဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ပေါ့နော် အဓိက ရန်ကုန်မြို့က ဆိပ်ကမ်းတွေနဲ့ပေါ့နော်၊ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ကုန်စည်ပို့ဆောင်မှုတို့ နောက်ပြီးတော့ ကုန်းလမ်းပို့ဆောင်မှုတို့၊ ဧရာဝတီဘက်က ဒီဟာတွေဟာ ရန်ကုန်ဘက်ကိုပေါ့နော် ဧရာဝတီဘက်က တဆင့်ပေါ့နော် ဝင်ရောက်လာမှုတွေ ရှိလာနိုင်တာ ပေါ့နော်၊ ရန်ကုန်တိုင်းထဲကို စစ်ဘေးရှောင်တွေပေါ့နော် အလုံးအရင်းနဲ့ပေါ့နော် လှိုင်သာယာတို့ ဘာတို့မှာပေါ့နော်၊ ထန်းတပင်တို့မှာ ဒီလိုအနေအထားမျိုးကို ကျနော်တို့ ကြုံရလာနိုင်တာပေါ့နော်၊ မြန်မာ့တပ်မတော်ဘက်ကရော အာရက္ခတပ်တော်ဘက်ကရော ဒီဟာနဲ့ ပတ်သက်ပြီးတော့ ငြိမ်းချမ်းရေးအရ ဆွေးနွေးဖို့အတွက် အသင့်ရှိတယ်ဆို တဲ့ ထုတ်ပြန်ချက်တွေကိုတော့ ကျနော်တို့ ဖတ်ရတယ်၊ ဒါပေမယ့် ဒီထုတ်ပြန်ချက်တွေဟာ မူလမဟုတ်ဘဲနဲ့ မြေပြင်မှာပေါ့နော် လက်တွေ့ ဖော်ဆောင်နိုင်တဲ့ အဆင့်ထိသွားဖို့အတွက် နိုင်ငံကြီးတွေရဲ့ ကမကထ လုပ်မှုနဲ့ပေါ့ ငြိမ်းချမ်းရေးအရ တွေ့ဆုံဆွေးနွေးမှုကို အဖြေရှာနိုင်ဖို့ လိုအပ်တယ်လို့ ကျနော်တို့မြင်တယ်” ဟု ပြောသည်။
ဧရာဝတီအစပ်တွင် တိုက်ပွဲများ ပြင်းထန်လာမှုကြောင့် ဧရာဝတီတိုင်း၊ ချောင်းသာကမ်းခြေနှင့် ရွှေသောင်ယံတို့မှ ဒေသခံများသည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၉ ရက်မှစတင်ကာ ထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်ပြီး လက်ရှိတွင် တိမ်းရှောင်သူဦးရေ ၂၀,၀၀၀ ကျော်ထိရှိလာကြောင်း သိရသည်။