CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၄
နစကအနေဖြင့် သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံဆွေးနွေးပွဲကို ပထမဦးစားပေးအနေဖြင့် မပြုလုပ်ဘဲ ရွေးကောက်ပွဲကို တန်းပြီး ပြုလုပ်ပါက ပြဿနာပိုရှုပ်ကာ မတည်မငြိမ်ပိုဖြစ်မည်ဟု စစ်ရေးနှင့် နိုင်ငံရေး အကဲခတ်များက CNI သတင်းဌာနသို့ ပြောသည်။
လက်နက်ကိုင်ပဋိပက္ခများ ကြီးထွားနေချိန်တွင် ရွေးကောက်ပွဲပြုလုပ်ရန် စီစဉ်နေခြင်းကို ဦးစားပေး မလုပ်ဆောင်သင့်ဘဲ အပစ်အခတ်ရပ်စဲရေးက ဦးစားပေး ဆောင်ရွက်သင့်ကြောင်း အာဆီယံနိုင်ငံများက တိုက်တွန်းထားသည်။
နစကအနေဖြင့် ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်အတွင်း ကျင်းပပေးမည်ဆိုပါက လုံခြုံရေးကို ယခုထက် ပိုမိုတည်ငြိမ်စိတ်ချရသည့် အနေအထားဖြစ်စေရန် လုပ်ရမည်ဟု သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
“အဓိကတော့ ရွေးကောက်ပွဲကို ဘယ်နှစ်နယ်လောက် ကျင်းပနိုင်မလဲပေါ့။ နောက်တစ်ချက်က လုံခြုံရေး အခြေအနေအရ ကျင်းပနိုင်မှုရှိရဲ့လား ဒါတွေက သူတို့ဘက်ကမေးမယ့်မေးခွန်းတွေပေါ့လေ။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ ရွေးကောက်ပွဲကို နောက်ကျမှ လုပ်ဖို့ဆုံးဖြတ်တာမျိုးဖြစ်နိုင်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံက အခြေအနေကို ကြည့်မယ်ဆိုရင်လည်း နစက ဘက်က ရွေးကောက်ပွဲကို ၂၀၂၅ မှာ ကျင်းပပေးမယ်လို့ ပြောထားပြီးသားဖြစ်တယ်။ တကယ်လို့ ၂၀၂၅ မှာသာ ရွေးကောက်ပွဲကျင်းပလို့ လုံးဝဖြစ်ခဲ့မယ်ဆိုရင် သေချာတာကတော့ လုံခြံရေးအခြေအနေ ဒီထက်ပိုပြီး တည်တည်ငြိမ်ငြိမ်နဲ့ စိတ်ချရတဲ့အနေအထား ဖြစ်အောင် လုပ်ရမှာပေါ့။ အဲဒါကကြတော့ ၂၀၂၅ မှာရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ နစကရဲ့ လုံခြုံရေးဆိုင်ရာ ထိန်းချုပ် ကွပ်ကဲမှု အဲဒီအပေါ်မှာ မူတည်ပါလိမ့်မယ်။ အပြင်ကမြင်တာကတော့ အခုသွားနေတဲ့ပုံစံက လုံခြုံရေးနဲ့ ပတ်သက်ပြီး ထိန်းထိန်းသိမ်းသိမ်း သိပ်မတွေ့တဲ့အခါ ဒီလိုပုံစံမျိုးနဲ့ဆိုရင် လုံခြုံရေးအရ စိတ်ချရပါ့မလား။ ဒါမျိုး သံသယကြောင့် လုံခြုံရေးကို ဦးစားထားပြီးမှ ရွေးကောက်ပွဲကို နောက်ရွှေ့သင့်တယ်ဆိုတာ ဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် လက်နက်ကိုင် အဖွဲ့အားလုံး အနေဖြင့် တိုက်ခိုက်မှုများ ရပ်တန့်ရန်နှင့် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများကို ခွင့်ပြုပေးရန် အာဆီယံနိုင်ငံများက အစည်းအဝေး တက်ရောက်လာ သည့် မြန်မာကိုယ်စားလှယ်အား တိုက်တွန်းခဲ့သည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟက်ဆန်က ဇန်နဝါရီ ၁၉ ရက်တွင် လန်ကာဝီ (Langkawi) ကျွန်းတွင် ပြုလုပ်သည့် အာဆီယံဝန်ကြီးများအဆင့် အစည်းအဝေး အပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ပြောကြားထားသည်။
ထို့အပြင် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားအထူးသံတမန်အဖြစ် ခန့်အပ်ခံရသည့် သံတမန်ဟောင်း အိုသ်မန် ဟာရှင်မ်က အာဆီယံ၏ မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည် ဖော်နိုင်ရန်အတွက် မြန်မာနိုင်ငံတွင် အဖွဲ့အစည်းအားလုံးကို စည်းရုံးမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
နိုင်ငံရေး ပါတီဝင်များကို တွေ့ရစဉ်
ရွေးကောက်ပွဲထက် တွေ့ဆုံဆွေးနွေးမှုကို ပထမ ဦးစားပေးရေးသည် အားလုံးသဘောတူညီထားသည့် အရာဖြစ် ကြောင်း၊ ရွေးကောက်ပွဲမတိုင်ခင် ဆွေးနွေးပွဲတစ်ခု ဖြစ်လာနိုင်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S)မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
“အဲဒါအားလုံးတူပါတယ်။ ရွေးကောက်ပွဲဆိုတာ ဒုတိယပါ ဆွေးနွေးပွဲက ပထမပါ။ ပထမဟာပြီးမှ ဒုတိယကိုလုပ်ဆိုတဲ့သဘောက အားလုံးတူကြပါတယ်။ ရွေးကောက်ပွဲကိုတန်းလုပ်ရင် ပြဿနာပိုရှုပ်ပြီး မတည်မငြိမ်ပိုဖြစ်မယ်။ ဒါကြောင့် ဆွေးနွေးပွဲတွေကို ပုံစံအမျိုးမျိုးနဲ့ အလွတ်သဘောဖြစ်ဖြစ် တရားဝင်ဖြစ်ဖြစ် အစပျိုးပြီးတော့လုပ်။ အဲဒါကနေ တဆင့် တည်ငြိမ်ရေးအတော်အသင့်ရမှ ရွေးကောက်ပွဲကိုသွား။ အာဆီယံမှာ ရော နိုင်ငံတကာမှာရော ကုလသမဂ္ဂရော တရုတ်မှာရော ဒီအိုင်ဒီယာရှိပါတယ်။ ဒါကတော့ ရွေးကောက်ပွဲ မတိုင်ခင် ဆွေးနွေးပွဲလာမယ် ဆိုတာတော့ ပြောလိုရပါတယ်။ ဆွေးနွေးပွဲရဲ့ အဆင့်အတန်းပေါ့။၊ အနိမ့်အမြင့်က ဘယ်လောက်ဖြစ်မယ်ဆိုတာ ပြောလိုမရတာ တစ်ခုပဲ” ဟု ၎င်းက ပြောသည်။
လက်ရှိအနေအထားအရ တွေ့ဆုံဆွေးနွေးပွဲ ကြီးကြီးမားမား ဖြစ်ပေါ်လာမည့် အရိပ်အယောင်ကိုမမြင်ရသေး သော်လည်း ရွေးကောက်ပွဲသေချာပေါက် ပြုလုပ်မည်ဆိုပါက ထိုကာလမတိုင်ခင်တွေ့ဆုံဆွေးနွေးပွဲ တစ်ခု လုပ်သင့်ကြောင်း သုံးသပ်မှုများ ရှိသည်။
ထို့အပြင် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် နစကသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ)အား အာဏာအပ်မည်ဆိုလျှင် ကာ/လုံ အနေဖြင့် ရွေးကောက်ပွဲကို ၂ ကြိမ်ခွဲ၍ ကျင်းပနိုင်သည် ဟုလည်း သုံးသပ်မှုများ ရှိသည်။