CNI News

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၈

မကြာသေးခင်ကမှ တရုတ်ခရီးစဥ်က ပြန်လည်ရောက်ရှိလာသော နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ရုရှားနိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်သည် တရုတ်ဆီမှ လိုချင်သလောက် မရသောကြောင့် ဖြစ်နိုင်သည်ဟု စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်တချို့က သုံးသပ်နေကြသည်။ 

တရုတ်ပြည်ခရီးစဥ်တွင် နစကဥက္ကဋ္ဌအနေဖြင့် လိုချင်သလောက် မရသောကြောင့် ရုရှားခရီးစဥ်သွားခြင်း ဖြစ်နိုင် ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တရုတ်ပြည်မှာ သူလိုချင်သလောက်တွေ မရဘူးထင်တယ် ကြည့်ရတာလေ၊ ဘာဖြစ်လို့လဲဆို‌တော့ သူက မြောက်ပိုင်းအဖွဲ့က တိုက်သိမ်းထားတဲ့ဟာတွေ သူပြန်လိုချင်တာလေ။ အဲဒါတွေက ပြန်ရဖို့ လမ်းမရှိဘူးထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်ရဲ့ ဟိုင်ဂင်ဆွေးနွေးပွဲတို့ ဘာတို့မှာပဲ ကြည့်ကြည့်နော် အပစ်အခတ်ရပ်စဲတာမှာ ရောက်တဲ့နေရာမှာ ရပ်ခိုင်းတာသာ ဖြစ်တာကိုးနော်၊ ပြန်ပေးရမယ်လို့ မပါဘူး၊ ဟိုင်ဂင်မှာ။ အဲဒါကို သူသိပ်မကျေ နပ်ဘူးထင်တယ်၊ ဒါကြောင့်မို့လို့ သူက ရုရှားဆီသွားတာ ဖြစ်မယ်ထင်တယ်။ တရုတ်ကိုနည်းနည်း ထိန်းညှိဖို့ပေါ့ ဗျာ။ တရုတ်ကိုပဲ အားကိုးရတာ မဟုတ်ဘူး၊ သူ့မှာ အားကိုးစရာ တခြားလည်းရှိတယ်၊ တရုတ်ကိုလည်း ပြချင်တာ လည်းပါတာပေါ့၊ နောက်တစ်ခုက တရုတ်ဆီက သူလိုချင်သလောက်တွေ မရဘူးနဲ့တူတယ်။ ဒါကြောင့်မို့လည်း ခင်ဗျား တရုတ်ပြည်က ပြန်ရောက်တာနဲ့ ဗုံးတွေ ဇွတ်ကြဲဘာကြဲ လုပ်နေတာပဲလေ ဟုတ်တယ်မလား။ တရုတ်က ဘက်အားလုံးကို ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေးပါလို့ အကြိမ်ကြိမ် ပြောလိုက်ရဲ့သားနဲ့ သူက အဲဒီဟာတွေက တရုတ် ကို အာခံပြတာဗျ”ဟု ပြောသည်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်က တရုတ်ဝန်ကြီးချုပ် လီချန်နဲ့ နစကဥက္ကဋ္ဌ တွေ့ဆုံစဉ်

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံသို့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်နေ့အထိ သွားရောက်ခဲ့ပြီး တရုတ်ဝန်ကြီးချုပ်၊ ထိုင်းဝန်ကြီးချုပ်၊ လာအိုဝန်ကြီးချုပ်၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်တို့ဖြင့် သီးခြားစီ တွေ့ဆုံ၍ မြန်မာ့အရေး၊ ကုန်သွယ်ရေး၊ စီးပွားရေး၊ ရွေးကောက်ပွဲ၊ ငြိမ်းချမ်းရေး စသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

ထို့နောက် မြန်မာ့ပြည်တွင်းစစ်မှာ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာနေသည့် ဒရုန်းများနှင့်ပတ်သက်ပြီးတော့လည်း ဒရုန်းထုတ်လုပ်သည့် စက်ရုံ အနည်းဆုံး ၃ နေရာကို လေ့လာခဲ့သလို စီးပွားရေးအတွက်လည်း တရုတ်လုပ်ငန်းရှင် များနှင့် တွေ့ဆုံ၍ ဆွေးနွေးခဲ့သေးသည်။

နစကနှင့် နီးစပ်သူများကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်ခရီးစဉ် မတိုင်ခင်ကတည်းက ရုရှား သို့ သွားရောက်ရန် အစီအစဉ်ရှိကြောင်း၊ ထို့နောက် တရုတ်ခရီးစဉ်ကအပြန် ရုရှားသို့ သွားရောက်ခြင်းဖြစ်ကြောင်း ပြောသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာကို တွေ့ရစဉ်

နိုင်ငံခြားခရီးစဥ် သွားရောက်မှုများသည် ပြည်တွင်းတွင် ဆုံးဖြတ်ရသော အခြေအနေများအတွက် အထောက်အကူ ပြုပေးနိုင်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO- NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒီနိုင်ငံခြားပေါ့လေ၊ အဆင်ပြေတဲ့ တိုင်းပြည်တွေကဖိတ်လို့ သွားတာကတော့ ကောင်းပါတယ်၊ ကောင်းတဲ့ လက္ခဏာပါ။ ဘာကြောင့်လဲဆိုတော့ ပြည်တွင်းမှာပဲ ပိတ်နေပြီးတော့ ဘာသံမှ မကြားဘူးဆိုရင် ဆုံးဖြတ်တဲ့ နေရာမှာ အခက်အခဲရှိတာပေါ့ဗျာ။ ပြည်ပက အကြံပေးတာတွေ၊ ပြည်ပက ထောက်ပြတဲ့ အချက်အလက်တွေကို လည်း နားထောင် ထောက်ရှုလို့ရတာပေါ့။ ဒါကြောင့် ပြည်ပခရီးသွားတယ် ဆိုတာကိုတော့ ကျနော့်အနေနဲ့ ကောင်းတဲ့ လက္ခဏာလို့မြ င်တယ်ဗျ၊ အပြုသဘောလို့ မြင်တယ်။ တရုတ်ပြည်သွားတယ် ဘာဖြစ်ဖြစ် တစ်စုံတရာ သုံးသပ်လို့ရတယ်၊ တချို့ ဗိုလ်ချုပ်တွေ အိန္ဒိယသွားတယ် တစ်စုံတရာ သုံးသပ်လို့ရတယ်၊ အခုလည်းတစ်ခါ ဘယ်လာရုစ်နဲ့ ရုရှားကို သွားဦးမယ်ဆိုလည်း ကျနော်တို့ တစ်နိုင်ငံလုံးဆိုင်တဲ့ ပေါ်လစီတွေ ပြန်လည်သုံးသပ် ချမှတ်တဲ့နေရာမှာ အထောက်အကူ ဖြစ်နိုင်တာပေါ့” ဟု ပြောသည်။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၇ ရက်နေ့တွင် ရုရှားသမ္မတ ပူတင်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံ

ရုရှားခရီးစဥ်သည် တည်ငြိမ်အေးချမ်းမှု အား‌ပေးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ လာမည့် ရွေးကောက်ပွဲအား ဝန်းရံ ပေးခြင်း အစရှိသည့် အချက်များဖြစ်နိုင်ကြောင်း၊ ရုရှားသည် မြန်မာနှင့် မဟာမိတ်ဖြစ်သောကြောင့် ဆောင်ရွက် သင့်သည့် ကိစ္စရပ်များအား ဝန်းရံပေးလိမ့်မည်ဟု နိုင်ငံ‌ရေးအကဲခတ်များက သုံးသပ်သည်။

ရုရှားနှင့် တရုတ်၏ ဆက်ဆံရေးသည် ဘက်ပေါင်းစုံ သေနင်္ဂမဟာဗျူဟာကျသော မဟာမိတ်ဖွဲ့ထားခြင်း ဖြစ်ကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေး သာမကဘဲ တစ်ကမ္ဘာလုံးလွှမ်းခြုံသည့် မဟာဗျူဟာအရပါ ဆက်ဆံခြင်း ဖြစ်သောကြောင့် မြန်မာနိုင်ငံနှင့် ပတ်သက်၍ တူညီသောဗျူဟာများ ရှိကောင်းရှိနိုင်ကြောင်း၊ ထိုဗျူဟာများနှင့် ပတ်သက်၍လည်း ရုရှားကို သွားခြင်းဖြစ်နိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြသည်။

ထိုခရီးစဥ်သည် ၂၀၂၁ ခုနှစ်နောက်ပိုင်း နစကဥက္ကဋ္ဌ၏ ၄ ကြိမ်မြောက် ရုရှားခရီးစဥ်ဖြစ်ပြီး ရုရှားနှင့် အိမ်နီးချင်း ဘယ်လာရုစ်နိုင်ငံကိုပါ ဝင်ရောက်ရန်ရှိကြောင်း၊ ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖိတ်ကြားထားကြောင်း သိရသည်။