“အာဖဂန်အရေးနဲ့ ပတ်သက်လာရင် ကျနော်တို့ရဲ့အရေးကြီးတဲ့ အမျိုးသားအကျိုးစီးပွားကို ဆွေးနွေးကြမှာပါ။ အဲဒီမှာ အကြမ်းဖက်မှုများအပေါ် တန်ပြန်ရေး အပါအဝင် အာဖဂန်ထဲ အမေရိကန်နိုင်ငံသားတွေ လုံခြုံစွာဖြတ်သန်းခွင့်၊ ကျနော်တို့ အထူးကတိပြုထားတဲ့ အာဖဂန်လူမျိုးတွေအတွက် လူသားချင်းစာနာမှု အကူအညီနဲ့ စီးပွားရေးကိစ္စတွေ ဆွေးနွေးသွားဖို့ ရှိပါတယ်” ဟု နက်ပရိုက်စ်က ရှင်းပြသည်။
ယခုလ အစောပိုင်းတွင် အာဖဂန်ဆိုင်ရာ အမေရိကန်သံတမန် တွမ်ဝက်စ် (Tom West) သည် အာဖဂန်အရေးအတွက် ပါကစ္စတန်၊ တရုတ်၊ ရုရှားနှင့် အမေရိကန်တို့ ပါဝင်သော သုံးပွင့်ဆိုင်အုပ်စု (Troika) အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ ထိုအုပ်စုသည် တာလီဘန် အကြီးတန်း ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံခဲ့သည်။
တွမ်ဝက်စ်သည် အမေရိကန် ကိုယ်စားလှယ်အနေဖြင့် ဩဂုတ် ၃၁ ရက်တွင်လည်း ဒိုဟာမြို့၌ တာလီဘန်အရာရှိများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သေးသည်။ ဩဂုတ် ၃၁ ရက် တွေ့ဆုံမှုသည် အာဖဂန်နစ္စတန်နိုင်ငံတွင် အမေရိကန်တို့ ဆယ်စုနှစ် ၂ ခုကြာ စစ်ပွဲအဆုံးသတ်ပြီးနောက် ဝါရှင်တန်နှင့် တာလီဘန်တို့အကြား ပထမဆုံး ထိတွေ့မှုလည်း ဖြစ်သည်။
အနောက်အုပ်စု ကျောထောက် နောက်ခံအစိုးရထံမှ ဩဂုတ် ၁၅ ရက်၌ တာလီဘန်တို့ အာဏာယူလိုက်ပြီးနောက် နိုင်ငံခြား အထောက်အပံ့ အများစုကို ရုတ်တရက် ဖြတ်တောက်လိုက်ခြင်းသည် အာဖဂန်နစ္စတန်၏ စီးပွားရေးကို ပြင်းထန်စွာ အထိနာ စေခဲ့သည်။
ပုံ-အမေရိကန်အထူးကိုယ်စားလှယ် တွမ်ဝက်စ်ကိုတွေ့ရစဉ်။( The U.S. envoy Tom West )
အာဖဂန်ပြည်သူ သန်းပေါင်းများစွာသည် စားသောက်ကုန် ဈေးကြီးမြင့်မှုနှင့် မိုးခေါင်မှုတို့ကြောင့် ငတ်မွတ် ခေါင်းပါးသည့် ဘေးနှင့် ရင်ဆိုင်နေရသည်။ အမေရိကန်ဘက်မှ ဘဏ္ဍာ ရေးနှင့် သံတမန်ရေး အထောက်အပံ့များ ပေးအပ်နိုင်မည့် အခြေ အနေများကို တာလီဘန်များ ဖန်တီးပေးရေးအတွက် တွမ်ဝက်စ်က နိုဝင်ဘာ ၁၉ ရက်၌ ထပ်လောင်း ပြောကြားခဲ့သည်။
အာဖဂန်အတွက် အမေရိကန် လိုလားချက်များမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ အားလုံးပါဝင်နိုင်သော အစိုးရတစ်ရပ် (an inclusive government) ဖွဲ့စည်းရေး၊ လူနည်းစုနှင့် အမျိုးသမီးများ၊ မိန်းကလေးငယ်များ အခွင့်အရေးတို့ကို လေးစား လိုက် နာရေးနှင့် ပညာရေး၊ အလုပ်အကိုင် ဖန်တီးရေး၊ တန်းတူညီမျှစေရေးတို့ ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုသည် တာလီဘန်များနှင့် ဆွေးနွေးမှုများ ဆက်တိုက် ပြုလုပ်နေပြီး လတ်တလော ကာလအတွက် လူသားချင်း စာနာမှု အကူအညီများကိုသာ ပေးအပ်ဦးမည်ဟု တွမ်ဝက်စ်က ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန် ယာယီနိုင်ငံခြားရေးဝန်ကြီး အေမီရာခမ်းမူတာကီက ဝါရှင်တန်မှ သိမ်းဆည်းထားသော အာဖဂန် ပိုင်ဆိုင်မှု များကို ပြန်ပေးရန်အတွက် ပြီးခဲ့သည့် သီတင်းပတ်၌ အမေရိကန်ကွန်ဂရက်(လွှတ်တော်)သို့ အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ ခဲ့သည်။
“လက်ရှိအခြေအနေကို ကျော်လွန်သွားပြီဆိုလျှင် အာဖဂန်အစိုးရနှင့် ပြည်သူများသည် ပြဿနာပေါင်းများစွာနှင့် ရင်ဆိုင်ရ တော့မည်ဖြစ်ကြောင်း၊ ဒေသတွင်းနှင့် ကမ္ဘာအနှံ့အပြား အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းနေထိုင်မှုများ တိုးလာမည်ကို စိုးရိမ် မိပါကြောင်း၊ ထိုအချက်သည် ကမ္ဘာ့နိုင်ငံများအတွက် လူသားချင်းစာနာမှုနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ပိုမိုဖန်တီး ပေးနိုင်မည်ဖြစ်ကြောင်း” မူတာကီက ၎င်း၏ပေးစာထဲတွင် ရေးသားထားသည်။
ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ၏ အမြဲတမ်း လက်ထောက်ကိုယ်စားလှယ် ဂမ်ရှောင် (Geng Shuang)က “အာဖဂန်၏ နိုင်ငံ ရပ်ခြားရောက် ပိုင်ဆိုင်မှုများကို သိမ်းဆည်းထားခြင်းသည် နိုင်ငံအတွင်း လက်ရှိစီးပွားရေး အခက်အခဲများ ဖြစ်ပေါ်စေရန် အဓိက အကြောင်းရင်း တစ်ခုဖြစ်ကြောင်း” ပြီးခဲ့သည့် စက်တင်ဘာလတွင် မှတ်ချက်ချခဲ့သည်။
“ဒီပိုင်ဆိုင်မှုတွေကို အာဖဂန်နစ္စတန်ကပဲ ပိုင်ဆိုင်တာဖြစ်ပါတယ်။ ခြိမ်းခြောက်မှုတွေ (ဒါမှမဟုတ်) ကန့်သတ်မှုတွေအတွက် လွှမ်းမိုးတာမရှိဘဲနဲ့ အာဖဂန်နစ္စတန်အတွက် ဒါတွေကို အသုံးပြုသင့်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
Source: cgtn.com