CNI News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၃
 
ပြည်ထောင်စုဝန်ကြီးဟောင်း ဦးသောင်းထွန်းအပေါ် အဂတိလိုက်စားမှုဖြင့် သတင်းပေးတိုင်ကြားချက်အရ တရားစွဲဆို အရေး ယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း နစက-က ယနေ့ (နိုဝင်ဘာ ၂၃ ရက်)တွင် ထုတ်ပြန်ခဲ့သည်။
 
အဆိုပါ ထုတ်ပြန်ချက်တွင် ဦးသောင်းထွန်းသည် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးတာဝန် ထမ်းဆောင်စဉ် ရန်ကုန်မြို့တွင်း မြေငှားရမ်းမှုများတွင် ငှားရမ်းသည့် ကုမ္ပဏီများမှ မြေအသုံးချမှု ပရီမီယံ ကြေး တစ်ဧကလျှင် အနိမ့်ဆုံး နှုန်းထား အမေရိကန်ဒေါ်လာ ၁ သန်း ရှိကြောင်း ဆိုသည်။
 
သို့သော် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာနပိုင် မြေ ၉.၂၂ ဧကကို ငှားရမ်းရာတွင် အမေရိ ကန် ဒေါ်လာ ၉.၂၂ သန်း အနည်း ဆုံး ရရှိရန်ဖြစ်သော် လည်း မြေအသုံးချမှု ပရီမီယံကြေး အမေရိကန် ဒေါ်လာ ၂.၄ သိန်းကျော် သာ ပေးသွင်းစေခဲ့ရာ အမေရိကန်ဒေါ်လာ ၈.၉ သန်းကျော် နစ်နာဆုံးရှုံးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပြည်ထောင်စု ဝန်ကြီးဟောင်း ဦးသောင်းထွန်းအပေါ် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နေပြည်တော်၊ ဘုရားကုန်း မြို့မ ရဲစခန်းတွင် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်၌ ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိသည်ဟု နစက-က ထုတ်ပြန်ခဲ့သည်။
ပုံ-ဦးသောင်းထွန်းကိုတွေ့ရစဉ်
 
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌဟောင်း ဦးသောင်းထွန်းသည် ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတာဝန် ထမ်းဆောင်စဉ် စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာနပိုင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပုဇွန်တောင် လမ်းပေါ်ရှိ မြေဧက ၉.၂၂၀ ပေါ်ရှိ မြေနေရာအား ပုဂ္ဂလိက ကုမ္ပဏီတစ်ခုသို့ နှစ် ၃၀ ငှားရမ်း ပေးခဲ့ရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့(ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်စပ်လျဉ်းသည့် မြေအသုံး ပြုပိုင်ခွင့်အမိန့်ကြော်ငြာစာ)အမိန့်ကြော်ငြာစာအမှတ်၊ ၃၉/၂၀၁၁ နှင့် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက် ၃/၂၀၁၈ စာပိုဒ် ၂၊ စာပိုဒ်ခွဲ(ဆ)၌ ငှားရမ်းခသတ်မှတ်ရာတွင် နိုင်ငံပိုင်မြေ အဆောက်အအုံများ တည်ရှိရာဒေသ၏ ကာလ ပေါက်ဈေးအတိုင်း သတ်မှတ်ရမည်ဟူသော ပြဋ္ဌာန်းချက်ကို လိုက်နာမှုမရှိဘဲ ဆောင်ရွက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
 
ထို့နောက် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက် အမှတ် ၁/၂၀၁၇ တင်ဒါလုပ်ထုံး လုပ်နည်းများနှင့်အညီ လိုက်နာ ဆောင်ရွက် မှု မရှိကြောင်း၊ ရန်ကုန်မြို့တွင် စားသုံးသူရေးရာဦးစီး ဌာနပိုင် မြေနေရာသည် ကာလပေါက်ဈေးအရ တစ်စတုရန်း မီတာလျှင် အမေရိကန်ဒေါ်လာ ၁၀ နှင့် ၁၅ ဒေါ်လာကြားရှိသော်လည်း ပုဂ္ဂလိက ကုမ္ပဏီတစ်ခုနှင့် စာချုပ် ချုပ်ဆိုငှားရမ်းရာတွင် တစ် စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၆.၅ ဒေါ်လာနှုန်း ဖြင့် တစ်နှစ်စာမြေငှားရမ်းခ အမေရိကန်ဒေါ်လာ ၂.၄ သိန်းကျော် ကိုသာ ပေးသွင်းစေခဲ့သဖြင့် တစ်နှစ်အတွက် မြေ ငှားရမ်းခ အမေရိကန်ဒေါ်လာ ၁.၃ သိန်းကျော် နစ်နာဆုံးရှုံးခဲ့သည်ဟုလည်း ဖော်ပြထားသည်။
ပုံ-ဒေါ်အောင်ဆန်းစုကြည်နဲ့အတူတွေ့ရသည့် ဦးသောင်းထွန်း
 
ဦးသောင်းထွန်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက် ၂၀၁၇ ခုနှစ်၊ဇန်နဝါရီလ ၁၀ ရက်နေ့တွင် အမျိုးသားလုံခြုံရေး အကြံပေးအဖြစ် တာဝန်ယူခဲ့ပြီးနောက် ထိုနှစ် နိုဝင်ဘာ ၂၃ ရက်၌ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာ န ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
 
ထို့နောက် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်တွင် ရင်းနှီးမြှုပ်နှံမှုနိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တာဝန်နှင့် ထိုနှစ် ဇွန်၁၆ ရက်၌ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌတာဝန်တို့ကို ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါ ၁ ရက်နေ့အထိ တာဝန်ယူခဲ့သူဖြစ်သည်။