အဒစ်ဘာဘာ နိုဝင်ဘာ ၂၄

တီဂရေးဒေသမှ တပ်ဖွဲ့များနှင့် အစိုးရတပ်များအကြား တစ်နှစ်ကြာ ပြင်းထန်နေသော စစ်ပွဲသည် သိသိသာသာ အလှည့် အပြောင်း ဖြစ်လာချိန်တွင် အီသီယိုးပီးယားပြည်တွင်း၌ ရှိနေသည့် ၎င်းတို့၏ နိုင်ငံသားများကို ထွက်ခွာကြရန် ပြင်သစ်နှင့် ဂျာမနီက တိုက်တွန်းလာသည်ဟု အယ်လ်ဂျာဇီးယားသတင်းဌာနက ရေးသားဖော်ပြသည်။

အီသီယိုးပီးယားနိုင်ငံတွင် အစိုးရတပ်နှင့် တီဂရေး သူပုန်တပ်ဖွဲ့ကြား တိုက်ပွဲများ ပြင်းထန်လာနေချိန် အီသီယိုးပီးယားနိုင်ငံ အတွင်းရှိ ၎င်းတို့၏ နိုင်ငံသားများကို နောက်ဆုံးထွက်ခွာကြရန် တိုက်တွန်းသည့် နိုင်ငံများအနက် ပြင်သစ်နှင့်ဂျာမနီတို့လည်း ပါဝင်လာခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာ ၂၂ ရက်က အီသီယိုးပီးယားဝန်ကြီးချုပ် အဘီအာမက်က ၎င်း၏ တပ်ဖွဲ့ဝင်များကို ဦးဆောင်ရန် နိုဝင်ဘာ ၂၃ ရက်မှ စတင်၍ ရှေ့တန်းသွားမည်ဟု ကြေညာခဲ့သည်။

“ကျနော်တို့ဟာ အီသီယိုးပီးယားကို ကယ်တင်ဖို့ နောက်ဆုံးအဆင့်ရောက်နေပါပြီ” ဟု ၎င်းက ပြောကြားခဲ့သည်။

ထို့နောက် နိုဝင်ဘာ ၂၃ ရက်၌ ပြင်သစ်နိုင်ငံက ၎င်း၏နိုင်ငံသားများ အီသီယိုးပီးယားပြည်တွင်းမှ နှောင့်နှေးကြန့်ကြာခြင်း မရှိ ဘဲ အမြန်ဆုံးထွက်ခွာကြရန် အကြံပြုတိုက်တွန်းလာခဲ့သည်။

ပုံ- အနောက်အုပ်စု မီဒီယာကို အီသီယိုးပီးယားနိုင်ငံသားများ ကန့်ကွက်နေစဉ်။(AP)

မကြာသေးမီ ရက်သတ္တပတ်များက အမေရိကန်နှင့်ဗြိတိန်တို့ကလည်း ၎င်းတို့၏ နိုင်ငံသားများကို အလားတူ အကြံပြုခဲ့သည်။ ဂျာမန်အစိုးရကလည်း အီသီယိုးပီးယားနိုင်ငံရောက် ဂျာမနီနိုင်ငံသားများ လေကြောင်းခရီးဖြင့် ထွက်ခွာကြရန် တိုက်တွန်း ထားပြီး ဖြစ်သည်။

တချိန်တည်းတွင် အီသီယိုးပီးယား၌ တာဝန်ထမ်းဆောင်နေသော နိုင်ငံတကာ ဝန်ထမ်းများနှင့်မိသားစုများကို ယာယီ အရွှေ့ အပြောင်း ပြုလုပ်ပေးနေကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့ပြီး ဝန်ထမ်းအချို့ကို နိုင်ငံအတွင်း၌ ဆက်လက်ထားရှိမည်ဟု ပြောကြားခဲ့သည်။

“ကျနော်တို့ ဝန်ထမ်းတွေ ဘေးကင်းဖို့ သတိပြုပြီး ဆက်လက်ရပ်တည်သွားဖို့ဖြစ်တယ်။ အကူအညီလို အပ်နေတဲ့သူတွေ အားလုံးကိုလည်း ထောက်ပံ့ရေး ဆက်လက် လုပ်ဆောင်သွားမှာပါ။ တိုးတက်ပြောင်းလဲလာမယ့် အခြေအနေတွေကို ကျနော်တို့ ဆက်လက်စောင့်ကြည့်သွားပါမယ်” ဟု ကုလသမဂ္ဂမှ ပြောရေးဆိုခွင့်ရှိသူ စတီဖင်ဒူဂျာရစ်က နိုဝင်ဘာ ၂၃ ရက်၌ ပြောကြားခဲ့သည်။

မြို့တော် အဒစ်ဘာဘာ အနီးသို့ မကြာသေးမီ ရက်သတ္တပတ်များကပင် တီဂရေး(တီဂရာယန်)သူပုန်တပ်ဖွဲ့ဝင်များ ချဉ်းကပ် လာနိုင်ပြီဟု ခိုင်လုံသည့်သတင်းများ ရရှိခဲ့ကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ဖော်ပြထားသည်။

အီသီယိုးပီးယား မြောက်ပိုင်းဒေသအများစုသည် ဆက်သွယ်ရေး ပြတ်တောက်နေပြီး သတင်းထောက်များ ဝင်ရောက်ခွင့်ကို ကန့်သတ်ထား၍ စစ်မြေပြင်အခြေအနေကို အတည်ပြုနိုင်ရန် အခက်အခဲရှိနေကြောင်း အယ်လ်ဂျာဇီးယားက ဆက်လက် ရေးသားထားသည်။

ပုံ- အီသီယိုးပီးယားစစ်တပ်ကိုတွေ့ရစဉ်။(AFP)

သို့သော် အဒစ်ဘာဘာ အာဏာပိုင်များက မြို့တော်အေးချမ်းတည်ငြိမ်ရေးအတွက် လူငယ်များ အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင် များက လုပ်ဆောင်နေပြီး သံတမန် အသိုင်းအဝိုင်းကိုလည်း မစိုးရိမ်ကြရန် အသိပေးထားသည်။

၆ လကြာ အရေးပေါ် အခြေအနေ ကြေညာထားသည့် အစိုးရက ၎င်းတို့၏ပြိုင်ဘက် အင်အားစုများ နယ်မြေပိုင်ဆိုင်မှုကို ချဲ့ကြားပြောဆိုနေသည်ဟု ယခင်ကတည်းက စွပ်စွဲခဲ့ပြီးဖြစ်သည်။

“အနောက်အုပ်စုမီဒီယာတွေရဲ့ဝါဒဖြန့်မှုတွေဟာ မြေပြင်ပေါ်မှာ ကျနော်တို့မြို့ရဲ့ ငြိမ်းချမ်းတဲ့ အခြေအနေနဲ့ လုံးဝ ဆန့်ကျင် နေတဲ့အတွက် သံတမန် အသိုင်းအဝိုင်း အနေနဲ့ စိုးရိမ်တာတွေ (ဒါမှမဟုတ်) ကြောက်ရွံ့တာတွေ မဖြစ်သင့်ပါဘူး” ဟု အဒစ်ဘာဘာ တည်ငြိမ်ရေးနှင့် လုံခြုံရေးဗျူရိုအကြီးအကဲ ကီနီယာယဒီတာက ပြောကြားခဲ့သည်။

အဒစ်ဘာဘာမြို့မှ အလွတ်တန်းသတင်းထောက် ဆင်မျူရယ်ဂီတာချောက မြို့တော်သည် အရေးပေါ်အခြေအနေအောက်၌ ညပိုင်း တိတ်ဆိတ်ငြိမ်သက်နေကြောင်း အယ်လ်ဂျာဇီးယားသို့ ပြောကြားခဲ့သည်။

ပြင်သစ်နှင့် တူရကီနိုင်ငံသားများ အပါအဝင် အဒစ်ဘာဘာမြို့မှ ထွက်ပြေးလာသူ အများအပြားရှိနေကြောင်း၊ ဝန်ကြီးချုပ် အဘီအာမက် ရှေ့တန်းသွားနေသည်ဟု ကြေညာချက် ထွက်ပေါ်လာခြင်းသည် မြို့ခံလူထုကို တုန်လှုပ်စေခဲ့ကြောင်း ဆင်မျူရယ်ဂီတာချောက သတင်းပေးပို့ထားသည်။

“နှစ်ဘက်စလုံးက မတူကွဲပြားမှုတွေကို ဖြေရှင်းဖို့ စစ်အင်အားသုံးပြီး အဆုံးအထိ တိုက်ပွဲဝင်ဖို့ ဆန္ဒရှိနေကြပါတယ်။ နှစ်ဘက်အကြား အပြန်အလှန် စွပ်စွဲချက်ကတော့ အများကြီးပါပဲ” ဟု ၎င်းက အယ်လ်ဂျာဇီးယားသို့ ပြောကြားခဲ့သည်။

Source: Aljazeera