CNI International News
ကရာကတ်စ်၊ နိုဝင်ဘာ ၂၃
ပြီးခဲ့သည့် သီတင်းပတ်အကုန်ပိုင်းက ကျင်းပခဲ့သော ဗင်နီဇွဲလားနိုင်ငံ၏ ရွေးကောက်ပွဲများ၌ ခွက်ခွက်လန်အောင် အရေးနိမ့် ခဲ့ရပြီးနောက် ၎င်းတို့၏ မဟာဗျူဟာကို ပြန်လည် တည်ဆောက်ရမည်ဟု အတိုက်အခံခေါင်းဆောင် ဂျူယန်ဂွိုက်ဒို(Juan Guaido)က ပြောကြားလိုက်ကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ရေးသားဖော်ပြသည်။
ဆက်လက်၍ အစိတ်စိတ် အမွှာမွှာ ကွဲပြားနေသော ပါတီခေါင်းဆောင်ပိုင်း လှုပ်ရှားမှုကို စုစည်းညီညွတ်ကြရန် တိုက်တွန်း ခဲ့ကြောင်းသည်ဟုလည်း ဖော်ပြထားသည်။
အဆိုပါ အတိုက်အခံ အုပ်စုသည် နိုဝင်ဘာ ၂၁ ရက်က ကျင်းပခဲ့သည့် မြို့တော်ဝန်နှင့်အုပ်ချုပ်ရေးမှူးများ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် လေးနှစ်နီးပါးကြာ ရွေးကောက်ပွဲ သပိတ်မှောက်နေခြင်းကို ရုတ်သိမ်းခဲ့ကြသော်လည်း သမ္မတ နီကိုလပ် မာဒူရို၏ အာဏာရ ပေါင်းစည်းဆိုရှယ်လစ်ပါတီ (PSUV) ကို ဆန့်ကျင်သည့် တစ်ဦးတည်း ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ကြသော တသီးပုဂ္ဂလသမားများကို အခကြေးငွေ ပေးကမ်းခဲ့သည်။
အတိုက်အခံ ကိုယ်စားလှယ်လောင်းများသည် ပြည်နယ် ၂၃ ခုအနက် ၃ ခုတွင်သာ အနိုင်ရခဲ့ပြီး မာဒူရို၏ မဟာမိတ် အင်အား စုများက အုပ်ချုပ်ရေးမှူး ၁၈ နေရာ အနိုင်ရသွားခဲ့ကြောင်း ဗင်နီဇွဲလား အမျိုးသားရွေးကောက်ပွဲကောင်စီက နိုဝင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်သော နောက်ဆုံးရ ရွေးကောက်ပွဲရလဒ်များကို အခြေခံလျက် အယ်လ်ဂျာဇီးယားက ဆက်လက် ဖော်ပြ သည်။
ပုံ- ဥရောပသမဂ္ဂ (EU) မှ စေလွှတ်သည့် ရွေးကောက်ပွဲ အကဲခတ်အဖွဲ့ကိုတွေ့ရစဉ်။(AP)
မာဒူရို၏ အာဏာရပါတီနှင့် ၎င်း၏ မဟာမိတ် အင်အားစုများသည် နောက်ဆုံး ပြည်နယ်နှစ်ခုတွင်လည်း ဆက်လက် အောင်ပွဲ ခံရန် အလားအလာကောင်းနေပြီး PSUV ပါတီမှ ကိုယ်စားလှယ်လောင်းတစ်ဦးမှာ ကရာကတ်စ် မြို့တော်ဝန်ဖြစ်သွားခဲ့ပြီဟု သိရသည်။
ထို့ကြောင့် လက်ရှိသမ္မတ မာဒူရိုက နိုဝင်ဘာ ၂၁ ရက် ရွေးကောက်ပွဲ ရလဒ်များကို ကြိုဆိုရမည်ဖြစ်ကြောင်း ဂုဏ်ယူ ဝင့်ကြွား စွာ ပြောကြားခဲ့သည်။
ဥရောပသမဂ္ဂ (EU) မှ စေလွှတ်သည့် ရွေးကောက်ပွဲ အကဲခတ်အဖွဲ့များ ရှိနေခြင်းကြောင့် ဗင်နီဇွဲလား ရွေးကောက်ပွဲသည် ပိုမို မြိုင်ဆိုင်ခဲ့ပြီး အတိုက်အခံများက ဒေသအလိုက် ရွေးကောက်ပွဲများကို လေးနှစ်နီးပါးကြာ သပိတ်မှောက်ခဲ့ရာမှ ပထမဆုံး ပြန် လည် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
နိုဝင်ဘာ ၂၂ ရက်က တောင်အမေရိကတိုက်ရှိ ဗင်နီဇွဲလားနိုင်ငံတွင် ရွေးကောက်ပွဲအတွက် နောက်ဆုံး တရားဝင် ရလဒ်များကို ထုတ်ပြန်ခြင်း မရှိသေးသော်လည်း မှတ်ပုံတင်ထားသည့် မဲဆန္ဒရှင် ၂၁ သန်း၏ ၄၂ ဒသမ ၂ ရာခိုင်နှုန်းက နိုဝင်ဘာ ၂၁ ရက်၌ မဲရုံ အသီးသီးသို့ သွားရောက်၍ မဲပေးခဲ့ကြကြောင်း ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။
ပုံ-အတိုက်အခံခေါင်းဆောင် ဂွိုက်ဒိုကို တွေ့ရစဉ်။(AFP)
မဲပေးသူ နည်းပါးခဲ့မှုသည် အတိုက်အခံ သမားများကို အထောက်အကူ မဖြစ်စေခဲ့ကြောင်း ကရာကတ်စ် မြို့တော်မှ အယ်လ်ဂျာဇီးယား သတင်းထောက် ထရီဇာဘိုက သတင်းပေးပို့ထားသည်။
“ဒီနေရာမှာ အတိုက်အခံသမားတွေ ကြုံနေရတဲ့ အကြီးမားဆုံး ပြဿနာကတော့ လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းလောက်က မဲ မပေးကြတဲ့အပြင် အတိုက်အခံ အုပ်စုတွေထဲမှာ ကြီးမားတဲ့ သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်” ဟု ထရီဇာဘိုက ရှင်းပြသည်။
ကွန်ဂရက်လွှတ်တော်ဥက္ကဋ္ဌဟောင်း ဂွိုက်ဒိုသည် ဗင်နီဇွဲလား၏ ထင်ရှားသော အတိုက်အခံ ခေါင်းဆောင်ဖြစ်ပြီး အမေရိကန် နှင့် ၎င်း၏ မဟာမိတ်နိုင်ငံများက ၎င်းကို ဗင်နီဇွဲလားအတွက် ထိုက်တန်သောခေါင်းဆောင်ဟု အသိအမှတ်ပြုထားကြသည်။
Source: Aljazeera