CNI News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၃
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းရှိ မဲဝိုင်တပ်မတော်စခန်းတစ်ခုကို KNU ၏ တပ်မဟာ (၅)မှ တိုက်ခိုက် သိမ်းပိုက် လိုက်သည်ဆိုသော သတင်းမှာ အမှားဖြစ်ပြီး တိုက်ပွဲမရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ (နိုဝင်ဘာ ၂၃ ရက်)တွင် ပြောသည်။
KNU တပ်မဟာ ၅ နယ်မြေရှိ မဲဝိုင်တပ်စခန်းကို KNU က သိမ်းပိုက်လိုက်ကြောင်း သတင်းဌာနတချို့နှင့် လူမှု ကွန်ရက်စာ မျက်နှာတချို့တွင် ယနေ့ (နိုဝင်ဘာ ၂၃ ရက်)နံနက်ပိုင်းက ဖော်ပြထားကြသည်။
အဆိုပါ သတင်းနှင့်ပတ်သက်ပြီး နစကသတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းမှားဖြစ်ပါသည်ဟု CNI သို့ပြောသည်။
ပုံ-KNU တပ်ဖွဲ့ကိုတွေ့ရစဉ်။ (ရိုက်တာ)
မဲဝိုင်တပ်စခန်းကို KNU က တိုက်ခိုက်သိမ်းပိုက်သည်ဟု ရေးသား တင်ဆက်ခဲ့သည့် ရန်ကုန်ခေတ်သစ်ကလည်း “စခန်းသိမ်း တိုက်ပွဲသတင်း မှားယွင်းဟု KNU တပ်မဟာ ၅ ရှင်းလင်း”ဆိုသော ခေါင်းစဉ်ဖြင့် ပြန်လည် ထုတ်လွှင့်ထားသည်။
KNU တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုက “သတင်းအမှားနဲ့ ပတ်သက် ပြီးတော့ ခဏခဏ တက်လာတယ် အဲ့လိုမျိုး၊ ဘယ်အဖွဲ့ကနေ ဘယ်ကလဲ မပြောတတ်ဘူး။ သူတို့ကလည်းပဲ အဲ့လိုမျိုးမဟုတ်တဲ့ဟာကိုပဲ သူတို့ တင်နေတာကို အတီးတို့လည်း အဲ့လိုမျိုးဖြစ်နေတာကို လုံးဝတော့ ပြောရ မယ်ဆိုရင် မမှန်ကန်တဲ့သတင်းကို အဲလိုမျိုးပေးတာ ကတော့ ဒါက အဖျက်သဘောမျိုးနဲ့လုပ်တာလားတော့ မပြောတတ်ဘူးပေါ့နော်။ ဒီမှာတော့ ဘာမှ သတင်းဘာမှကို မရဘူး နော်။ ဒီမှာလည်း တာဝန်ရှိတဲ့ပုဂ္ဂိုလ်လည်း အတီးကို ဘာမှလည်းမပြောပါဘူး အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့”ဟု KIO FM သို့ ပြောထားသည်။
အဆိုပါ ဖြစ်စဉ်များနှင့်ပတ်သက်ပြီး KNU တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုကို CNI မှ ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းပိတ်ထားသည့်အတွက် အဆက်အသွယ်မရသေးပေ။
ထို့နောက် KNU မှ တာဝန်ရှိသူများကို ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပေ။