CNI News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၉

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အခြေပြုလှုပ်ရှားနေကြသည့် တိုင်းရင်းသား လက်နက်ကိုင်(EAOs)များအပေါ် တရုတ်က စစ်ရေးလှုပ်ရှားမှုများရပ်တန့်ရန် ဖိအားပေးနေသော်လည်း မြောက်ပိုင်းတပ်ဖွဲ့များက နာခံမှု ရှိ/မရှိကို စောင့်ကြည့်ရမည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ပြောသည်။

တရုတ်သည် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း တိုက်ပွဲများဖော်ဆောင်နေမှုသော TNLA ကို တိုက်ပွဲများ ချက်ချင်းရပ်တန့်ရန်၊ မရပ်တန့်ပါက အပြစ်ပေးအရေးယူမည်ဖြစ်ကြောင်း စာပို့သတိပေး ခဲ့သည်။

ထို့နောက် လားရှိုးမြို့ကို သိမ်းပိုက်ထားသည့် ကိုးကန့်တပ်ဖွဲ့ MNDAA ကိုလည်း လားရှိုးကနေ ဆုတ်ခွာရန်နှင့် တိုက်ပွဲများ ရပ်တန့်ရန်၊ မြန်မာ့တပ်မတော် ပြိုကွဲအောင်မလုပ်ရန်၊ တရုတ်၏ သဘောထားကို လက်မခံပါက အရေးယူမည်ဖြစ်ကြောင်း တရုတ်ဘက်က သတိပေးထားသည်။

တရုတ်နိုင်ငံအနေဖြင့် ဖိအားများ ပေးလာလျှင် ပြန်၍တွန်းကန်အားများလည်း ပေါ်လာနိုင်ကြောင်း၊ ပိတ်ဆို့မှုများ ပြုလုပ်မည်ဆိုလျှင်လည်း တရုတ်ဘက်ခြမ်း နယ်စပ်ဒေသများတွင်သာ ပိတ်ဆို့နိုင်မည်ဖြစ်ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

မစ္စတာ တိန့်ရှီကျင်းကို တွေ့ရစဥ်

၎င်းက "ဘာကိစ္စပဲ ဖြစ်ဖြစ်နော်၊ ဖိအားတွေရှိရင် ပြန်တွန်းကန်မဲ့ အားလည်းရှိတာပဲ။ တခြားနည်းလမ်းတွေ ရှာမှာ ပေါ့ဗျာ။ သူတို့ ရှာလို့ဖွေလို့လည်း ရတာပဲ။ ဥပမာတစ်ခု ပြောရရင် ၁၀၂၇ စစ်ဆင်ရေး စတုန်းက တရုတ်ရဲ့ ဖိအား ပေးမှုကြောင့် "ဝ" တို့၊ မိုင်းလားတို့က ကြေညာချက်တွေ ထုတ်ရတယ်ဗျ။ သူတို့ ဒီစစ်ဆင်ရေးမှာ ဘယ်မှာမှ ဝင်မပါပါဘူး၊ ကြားနေပါ့မယ်လို့။ ဒါမဲ့ သူတို့အချင်းချင်း ကြားမှာကျတော့ တစ်ခုခုရှိပုံရတယ်။ အဲတော့ သူက သူ့ ကြေညာချက်ထဲမှာ တစ်ခုထည့်ထားတယ်။ စစ်ရှောင်ဒုက္ခသည်တွေကိုတော့ လူ့ဂရုဏာတရားအတွက် သူတို့ ထောက်ထားပါ့မယ်ဆိုပြီး အဲလောက်ကိုင်တို့ ဘာတို့က ထွက်ပြေးလာတဲ့ သူတွေကို "ဝ" တို့၊ မိုင်းလားတို့က တော်တော် ဂရုစိုက်ခဲ့သေးတာပဲဗျာ။ အဲတော့ သူတို့အချင်းချင်းကြားမှာ နားလည်မှုလည်း ရှိနိုင်ပါတယ်။ တရုတ် က ပိတ်ဆို့ထားတယ်ဆိုတာ တစ်ဖက်ပဲ ပိတ်ဆို့နိုင်တာပေါ့။ သူ့ဘက်ကပဲ ပိတ်ဆို့နိုင်တာပေါ့။ နယ်စပ်ပဲ ပိတ်ဆို့ နိုင်တာပေါ့၊ ကျန်တဲ့ တည်နေရာတွေ ပိတ်ဆို့နိုင်တာမှ မဟုတ်ပဲ”ဟု ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းသည် “၀”တပ်ဖွဲ့ UWSA မှ ဒုဉက္ကဌ ဦးကျောက်ကော် အန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၇ ရက်နေ့က တွေ့ဆုံခဲ့ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းက စစ်ပွဲများနှင့် နေပြည်တော်အစိုးရ အခြေအနေများကို ဆွေးနွေး မေးမြန်းသွားခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးစဉ် တရုတ်အထူးကိုယ်စားလှယ်မှ UWSA က MNDAA ကို ကူညီနေမှုများ ရပ်တန့်ရန်နှင့် MNDAA ကို တရုတ်က နယ်စပ်ပိတ်ဆို့ထားသော် လည်း UWSA နယ်မြေထဲကနေ ဆန်၊ ဆီ၊ ဆေး၊ လက်နက် ခဲယမ်း စသည့် အရင်းအမြစ်များ ရရှိနေခြင်းကြောင့် တိုက်ပွဲများ ဆက်လက် ဖော်ဆောင်နေကြောင်း၊ ထို့ကြောင့် UWSA ကနေ MNDAA ဘက်သို့ မည်သည့် အရင်းအမြစ်မှ မရောက်ရှိအောင် ပိတ်ဆို့စစ်ဆေးရမည်ဟု ပြောကြား ခဲ့သည်။

ထို့အပြင် မြန်မာ့တပ်မတော် ပြိုလဲမည်ကို မလိုလားကြောင်းနှင့် မြန်မာပြည်တွင် စစ်တပ်ပြိုကျပြီး အနောက်များ နှင့် နီးစပ်သော NUG နှင့် PDF များ အနိုင်ရရှိသွားမည်ကိုလည်း တရုတ်က လုံးဝလက်ခံမှာ မဟုတ်ကြောင်း ဖိအားပေး ပြောကြားခဲ့သည်။

UWSA – NDAA- MNDAA ခေါင်းဆောင်များကို တွေ့ရစဉ်

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပျက်ပြားပါက နှစ်နိုင်ငံ အကျိုးတူစီးပွားများ ပျက်ပြားနိုင်သလို တရုတ်၏ အကျိုးစီးပွား လုပ်ဆောင်၍ မရတော့မည် စိုးရိမ်၍ဖြစ်နိုင်ကြောင်း သေနင်္ဂဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦး က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက "အိမ်နီးချင်း နှစ်နိုင်ငံကြားထဲမှာ အမြဲတမ်း ဒါက ဖြစ်လေ့ဖြစ်ထ ရှိတဲ့ပြဿနာ။ အမြဲတမ်း အကျိုးစီးပွား ရှိတယ်။ အကျိုးစီးပွားကို ကျနော်တို့က ဦးတည်ပြီးတော့ အလုပ်လုပ်ရမှာ။ အဲတော့ သေချာတာက အိမ်နီးချင်း ကပ်နေတဲ့နိုင်ငံပေါ့။ အထူးသဖြင့် နယ်နိမိတ်ကလည်း ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်ရှိတယ်။ အဲလိုနှစ်နိုင်ငံ ကြားထဲမှာ အင်အား တောင့်တောင့်တင်းတင်းနဲ့ ပေါင်းစည်းနိုင်ဖို့က အရေးကြီးတယ်။ အဲဒါတွေ မပေါင်းစည်း နိုင်ရင် ကျနော်တို့က ဒီနိုင်ငံရဲ့ နှစ်ဦးအကျိုးတူစီးပွား ဖြစ်ဖို့ပေါ့၊ နှစ်ဦး အကျိုးတူ အကျိူးစီးပွား အဲ့ဒါတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ မဖြစ်နိုင်ဘူး။ အဲတော့ အဓိကအရေးကြီးတာက မြန်မာမှာ ခုနပြောသလိုပေါ့ peace off အနေအထား ဖြစ်သွားခဲ့ရင် သူတို့ရဲ့ ကိစ္စရပ်တွေ၊ စီးပွားရေးတွေ အကုန်လုံးက ပျက်သုဥ်းကုန်မှာ။ အဲတော့ အဲတာတွေအတွက်လည်း သူက မြန်မာနဲ့ပတ်သတ်ပြီး သူ့ရဲ့အဓိက အရေးကြီးဆုံး အချက်က သူ့အကျိုးစီးပွား လည်းပါတယ်။ ဒီလိုဘဲ မြန်မာပျက်သုဥ်းသွားရင် သူ့အကျိုးစီးပွားလည်း ပျက်မှာ ဖြစ်တဲ့အတွက်ကြောင့် ဒါတွေကို သတိမထားလို့ မရတော့တာဖြစ်တယ်၊ ဒါကတော့ ရှင်းပါတယ်" ဟု ပြောသည်။

ထို့ပြင် ပေါက်ကြားလာသော အစည်းအဝေး မှတ်တမ်းအရ ကိုးကန့်တပ်များ လားရှိုးမြို့မှ မဆုပ်ခွာသ၍ ကိုးကန့် ဒေသအား ပိတ်ဆို့ထားမှုများ ရုပ်သိမ်းမှာ မဟုတ်သည့်အပြင် ပိုမို ပြင်းထန်သည့် အရေးယူမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဟု မစ္စတာ တိန့်ရှီကျင်းက ပြောကြားခဲ့သည်ဟု ဆိုသည်။

တရုတ်နိုင်ငံက TNLA နှင့် MNDAA ကို တိုက်ပွဲများ ရပ်တန့်ရန်၊ လားရှိုးမြို့မှ MNDAA ဆုတ်ခွာရန် ဖိအားပေးနေ သော်လည်း လက်ရှိအချိန်ထိ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းမှာ TNLA-MNDAA တို့ ဦးဆောင်၍ PDF များဖြင့် ပူးပေါင်းကာ မြန်မာ့တပ်မတော်ကို တိုက်ခိုက်လျက်ရှိနေသည်။