၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၂
တပ်မတော်ကို အကြမ်းဖက်ဟု PPST က စွပ်စွဲထားမှုအပေါ် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းကော်မတီ (NSPNC)က ကန့်ကွက်လာမှု PPST ဘယ်လိုရပ်တည်မလဲ မသိသေးသော်လည်း မိမိတစ်ဉီးချင်းအနေဖြင့်မူ ရပ်တည်ချက်ကို ပြင်ဆင်ရန်မရှိဘူးဟု ခွန်မြင့်ထွန်းက ပြောသည်။
တစ်နိုင်ငံလုံး အပစ်အခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များဖြင့် ဖွဲ့စည်းထားသော PPST ၏ နိုဝင်ဘာ ၅ ရက်နေ့ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ NSPNC က ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။
PPST ပြောရေးဆိုခွင့်ရှိသူ ခွန်မြင့်ထွန်းက “ကျနော်တို့ သဘောထားတွေလည်း ထုတ်ပြန်ပြောခဲ့ပြီး ဖြစ်ပါတယ်။ ကျနော်တို့ အနေနဲ့ကတော့ PPST ကို ကိုယ်စားပြုပြီးပြောလို့ မရပေမယ့် ကျနော်တစ်ဦးတည်း သဘောထားအနေနဲ့တော့ ဒီဟာ ၁၀ ဖွဲ့ အတွင်းမှာ ကျေကျေလည် လည် ကျည်ကျယ်ပြန့်ပြန့် ဆွေးနွေးပြီးမှ ကျနော်တို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်။ ဆုံးဖြတ်ခဲ့တာ ဖြစ် တော့ ဒီအပေါ်မှာ ရပ်တည် ချက် သဘောထားအရ ပြင်ဆင်ဖို့တော့ မရှိပါဘူး။ ဒါကျနော်တို့ PPST ရဲ့ သဘောထား ထုတ်ပြန် ချက် ဖြစ်ပါတယ်။ သို့သော် ၁၀ ဖွဲ့ ပေါင်းလုပ်တဲ့ အစည်းအဝေးမှာကြတော့ ဒီအပေါ်မှာ ဘယ်လို ရပ်တည်မလဲဆိုတာ အဲဒီ အစည်းအဝေး အပေါ်မှာပဲ မူတည်ပါတယ်” ဟု CNI သို့ ပြောသည်။
PPST ၏ နိုဝင်ဘာ ၅ ရက်နေ့ ထုတ်ပြန်ချက်တွင် အောက်တိုဘာ ၂၉ ရက်က ဖြစ်ပွားခဲ့သော ချင်းပြည်နယ်၊ ထန်တလန်ကိစ္စ အပါအဝင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ကယားပြည်နယ်ဒေသများတွင် စစ်ကောင်စီ(နစက)က ပြည်သူလူထု၏ အိုးအိမ် များ၊ ဘာသာရေး အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်မှုများအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ကြောင်း၊ ကျူးလွန် သူများကိုလည်း ပြင်းထန်စွာ အရေးယူပေးရန် တောင်းဆိုကြောင်း ဖော်ပြထားသည်။
ပုံ-PPST အဖွဲ့ကိုတွေ့ရစဉ်။ (NCA-S EAO)
ထို့ထုတ်ပြန်ချက်နှင့် ပတ်သက်၍ NSPNC က ပြည်သူလူထု၏ အိုးအိမ်များ၊ ဘာသာရေး အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်သည့် လုပ်ရပ်သည် အကြမ်းဖက်သမားများကသာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သည့် လုပ်ရပ်ဖြစ်ရာ စစ်ကောင်စီ ( တစ်နည်း) တပ်မတော်အား PPST က အကြမ်းဖက်အဖြစ် စွပ်စွဲထားသည့် သဘော သက်ရောက်နေကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။
ထို့အတွက်ကြောင့် PPST ၏ ရည်ညွှန်းစာဖြင့် ထုတ်ပြန်ကြေညာချက်ပါ အပိုဒ်(၆)အား NCA ပါ ပြဋ္ဌာန်းချက်များနှင့် အညီ အလေးထား လိုက်နာဆောင်ရွက်၍ လိုအပ်သလို ပြန်လည်ပြင်ဆင်သွားရန် အကြောင်းကြားသည်ဟု NSPNC ဥက္ကဋ္ဌ ကိုယ် စား ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်က လက်မှတ်ထိုး ပေးပို့ထားသည်။
PPST ပြောရေးဆိုခွင့်ရှိသူ ခွန်မြင့်ထွန်းက “အဲတာတော့ ကျနော်တို့ PPST မှာ ဦးဆောင်မှု အလုပ်အဖွဲ့ရှိတယ်။ ဗိုလ်ချုပ်ကြီး ယွက်စစ်က အဖွဲ့ ခေါင်းဆောင်ကနေ တာဝန်ကနေ အနားယူပြီးတဲ့ နောက်ပိုင်းမှာ ဦးဆောင်မှု အလုပ်အဖွဲ့အနေနဲ့ PPST ကို ဦးဆောင်နေ ပါတယ်။ အဖွဲ့ ခေါင်းဆောင်က နိုင်အောင်မင်း၊ အဖွဲ့ဝင်ကတော့ ဗိုလ်မှူးကြီး ခွန်ဥက္ကာနဲ့ ဗိုလ်မှူးကြီး စိုင်းငင်းတို့ ပါတာပေါ့လေ။ ဦးဆောင်မှု အလုပ်အဖွဲ့ခေါင်းဆောင်အနေနဲ့ လာမယ့် PPST အစည်းအဝေးကြမှ ဆက်လက်ပြီး ဒီကိစ္စကို တင်ပြပြီးတော့ ညှိနှိုင်းဆွေးနွေး ကြမှာ”ဟု CNI သို့ ပြောသည်။
PPST ကို NCA ထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုက ရေစီ အကျိုးပြုကရင်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချုပ် (PNLO)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တပ်ဦး (ABSDF)၊ ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ(ALP)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့ဖြင့် ဖွဲ့စည်းထားသည်။