၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၂

နှစ်စဉ်ကျင်းပမြဲဖြစ်သော တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ထိပ်သီး အစည်းအဝေးတွင် မြန်မာနိုင်ငံမှ နစကဥက္ကဋ္ဌ မပါဝင်ဘဲ ယနေ့ အစည်းအဝေးက စတင် ကျင်းပနေပြီ ဖြစ်သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်က အိမ်ရှင်အဖြစ် အွန်လိုင်း အစည်းအဝေးကို လက်ခံ ကျင်းပနေခြင်းဖြစ်သည်။

အာဆီယံအနေဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဒေသတွင်း ထိပ်သီး အစည်းအဝေးများမှ ချန်ထားခဲ့ခြင်းမှာ တစ်လ အတွင်း ယခုဒုတိယအကြိမ်မြောက် ဖြစ်သည်။

အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံက မြန်မာအကျပ်အတည်း အဆုံးသတ်ရေးအတွက် သံတမန်ရေးရာ ကြိုးပမ်းမှုများကို ဦးဆောင်ခဲ့ ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရာထူးမှ အဖယ်ရှားခံရသော အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ ဆုံ ဆွေးနွေးရေး အပါအဝင် သဘောတူညီချက်တစ်ရပ်ကို ပြီးခဲ့သည့်ဧပြီလ၌ ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း ယင်းသဘောတူညီချက်ကို လိုက်နာရန် နစက-က ပျက်ကွက်ခဲ့သဖြင့် အာဆီယံက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထိပ်သီး အစည်းအဝေးများ တက်ရောက်နိုင်ရေး ဖိတ်ကြားခြင်းကို ချန်ထားခဲ့ခြင်းဖြစ်သည်။

အဖွဲ့ဝင်နိုင်ငံ အချင်းချင်း ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် အလေးပေးသည့် ဒေသတွင်း အုပ်စုတစ်စုအတွက် ယင်းသို့ ဆုံးဖြတ်ချက်သည် ရှားရှားပါးပါးဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံတိုင်းလည်း ဒီမိုကရေစီအရေး သီးခြားမှတ်တမ်းကိုယ်စီရှိ ကြ သည်။

ပုံ- တရုတ်-အာဆီယံ ထိပ်သီး အစည်းအဝေးကို နိုဝင်ဘာ ၂၂ ရက်က ကျင်းပနေစဉ်။

အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနှင့် ဘရူနိုင်းတို့သည် နိုဝင်ဘာ ၂၂ ရက် တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေးသို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပါဝင်တက်ရောက်ဖို့ တရုတ်နိုင်ငံ၏ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း ရိုက်တာ သတင်း ဖော်ပြချက်အရ သိရသည်။

အင်ဒိုနီးရှားသံတမန်တစ်ဦးက “၎င်းရပ်တည်ချက်မှာ အာဆီယံ ထိပ်သီး အစည်းအဝေးများတွင် မြန်မာနိုင်ငံကို ကိုယ်စား ပြုသည့် နိုင်ငံရေးမဟုတ်သော ပုဂ္ဂိုလ်တစ်ဦးဦး ဖြစ်သင့်ကြောင်း” ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

ဘေဂျင်းက အဆိုပါဆုံးဖြတ်ချက်ကို လက်ခံလိုက်ပုံရသော်လည်း ဗိုလ်ချုပ်မှူးကြီး ပါဝင်ရေးကို တွန်းအားပေးသည့်အချက်က ဒေသတွင်း ပထဝီဝင်နိုင်ငံရေးကို နှိုးဆော်ထားသည်။

ဘေဂျင်း၏ မြန်မာစစ်အုပ်ချုပ်ရေးအပေါ် နွေးထွေးစေမည့် လက္ခဏာရပ်အဖြစ် နိုဝင်ဘာ ၂၂ ရက် ထိပ်သီးအစည်းအဝေးသို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပါဝင်နိုင်ရေးအတွက် တရုတ်စည်းရုံးမှုကို မိမိတို့လက်မခံကြောင်း အရှေ့တောင်အာရှရေးရာ နိုင်ငံခြားဆက်ဆံရေးကောင်စီမှ ဂျိုစက်ကာလန်ဇစ် (Josh Kurlantzick) က ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံက အခြေအနေတွေကို တရုတ်က သိပ်ပြီး စိတ်မချမ်းသာဘူးလို့ ကျနော်ထင်ပါတယ်။ အာဏာမသိမ်းမီက အခြေအနေမျိုး ပြန်ရောက်စေဖို့ နောက်ဆုံးမှာ အာဆီယံနဲ့လက်တွဲခေါ်ဖို့ တရုတ်ကြိုးစားချင်နေပါတယ်။ အဲဒါမှ တရုတ် အတွက် အများကြီးပိုကောင်းပါတယ်” ဂျိုစက်ကာလန်ဇစ်က ပြောကြားခဲ့သည်။

Source: Reuters, Aljazeera