ခါတွမ်း ၊နိုဝင်ဘာ ၂၂

ဆူဒန်နိုင်ငံ အွမ်ဒါမန်မြို့မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဦးခေါင်းကို ချိန်ရွယ်ပစ်ခတ်မှုကြောင့် အသက် ၁၆ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ဆူဒန်ဆရာဝန်များ ဗဟိုကော်မတီ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားကြောင်း အယ်လ်ဂျာဇီးယားသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

ဆူဒန်နိုင်ငံမှ စစ်တပ်ခေါင်းဆောင် အေဘယ်ဖာတာ အယ်လ်ဘာဟန်နှင့် နိုင်ငံရေး သဘောတူညီချက်အရ ဝန်ကြီးချုပ် အက်ဒယ်လာဟမ်းဒေါ့ကို ဝန်ကြီးချုပ်အဖြစ် မူလရာထူး ပြန်လည် ခန့်အပ်ခဲ့သည်။

သို့သော်လည်း အာဏာသိမ်းမှုအတွင်း ဖမ်းဆီးထားခဲ့သော နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးမည်ဟု သဘောတူညီ ချက် ရယူပြီးနောက် နိုဝင်ဘာ ၂၂ ရက်တွင် ဆန္ဒပြသူများကို ပစ်ခတ်ရာမှာ လူသေဆုံးမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဆူဒန်နိုင်ငံရေး သဘောတူညီချက်အရ ၂၀၁၉ ခုနှစ် လူထုအုံကြွမှုတွင် သက်တမ်းကြာ ခေါင်းဆောင် အိုမာအယ်လ်ဘာရှားကို ဖြုတ်ချပြီးနောက် ပထမဆုံး ခန့်အပ်ခဲ့သော ဝန်ကြီး ချုပ် ဟမ်းဒေါ့သည် အသွင်ကူးပြောင်းရေး ကာလတစ်ခုအတွက် နည်းပညာသမားများ ပါဝင်သည့် အရပ်သားအစိုးရကို ဦးဆောင်သွားရန် နှစ်ဘက်စလုံးက လက်ခံခဲ့သည်။

ပုံ-ဆူဒန် ဆန္ဒပြသူများကိုတွေ့ရစဉ်။(AP)

အဆိုပါ သဘောတူညီချက်သည် အရပ်သားအုပ်ချုပ်ရေး အပြည့်အဝတောင်းဆိုသည့် ဒီမိုကရေစီ လိုလားသည့် အုပ်စုများမှ အတိုက်အခံများနှင့် ထိပ်တိုက်ရင်ဆိုင်နေရသည်။ ဆန္ဒပြလှုပ်ရှားသူများအတွက် ဟမ်းဒေါ့သည် သူရဲကောင်းဖြစ်သော်လည်း တချို့လူများအတွက်တော့ ဗီလိန်ဖြစ်လာခဲ့သည်။

ယမန်နေ့က သဘောတူညီချက်ကို ကြေညာလိုက်ပြီးနောက် ဆန္ဒပြသူအချို့က “ဟမ်းဒေါ့က တော်လှန်ရေးကို ရောင်းစား လိုက်ပြီ” ဟု ကြွေးကြော်ခဲ့ကြသည်။

ဟမ်းဒေါ့ကို သစ္စာမဲ့သူဟု ဆန္ဒပြမှုများကို ဦးဆောင်ခဲ့သည့် အဖွဲ့တစ်ဖွဲ့ဖြစ်သော ဆူဒန်ကျွမ်းကျင်ပညာရှင်များအသင်း (SPA)က ခေါ်ဆိုလိုက်သည်။

“ဟမ်းဒေါ့က ကျနော်တို့ကို စိတ်ပျက်စေတယ်။ ကျနော်တို့ တစ်ခုတည်းသော ရွေးချယ်ခွင့်က လမ်းပေါ်ထွက်ဖို့ပဲ ရှိတော့ တယ်” ဟု ခါတွမ်းမြို့မှ အသက် ၂၆ အရွယ်ရှိ ဆန္ဒပြသူ အိုမာအီဘရာဟင်က ပြောသည်။

ပုံ-ဆူဒန် ဆန္ဒပြသူများကိုတွေ့ရစဉ်။(AP)

ဆူဒန်နိုင်ငံတွင် အောက်တိုဘာ ၂၅ ရက်၌ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုဝင်ဘာ ၂၁ ရက်အထိ ဆန္ဒပြပွဲများ၌ သေဆုံးသူ ၄၁ ဦးအထိ ရှိလာကြောင်း ဆူဒန်ဆရာများဆိုင်ရာ ဗဟိုကော်မတီက ပြောသည်။

သဘောတူညီချက်တစ်ရပ် ရရှိပြီးနောက် နောက်ထပ် အသေအပျောက်များ မဖြစ်ပေါ်စေရေး တားဆီးရန် လက်ခံခဲ့ကြောင်း ဟမ်းဒေါ့က ပြောကြားထားပြီး ဖြစ်သည်။

“ဆူဒန်သွေးက အဖိုးတန်ပါတယ်။ သွေးထွက်သံယိုမှုတွေ ရပ်တန့်ပြီး လူငယ်တွေရဲ့ စွမ်းပကားနဲ့ တိုင်းပြည်တည်ဆောက်ပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ကြပါစို့” ဟု နိုင်ငံပိုင် ရုပ်သံလိုင်းမှ ထုတ်လွှင့်သော သဘောတူ လက်မှတ်ရေးထိုးပွဲ အခမ်း အနားတွင် ၎င်းက ပြောကြားခဲ့သည်။

ယင်းသဘောတူညီချက်တွင် မိမိပါဝင်ကြောင်း ဗိုလ်ချုပ်ကြီး အယ်လ်ဘာဟန်က ပြောကြားခဲ့သည်။

“ကျနော်တို့ သဘောတူထားတဲ့အတိုင်း အမျိုးသားကွန်ဂရက်ပါတီကလွဲလို့ ဘယ်သူ့ကိုမှ မဖယ်ရှားချင်ပါဘူး” ဟု အယ်လ်ဘာရှား၏ ယခင်အာဏာရပါတီကို ရည်ညွှန်းလျက် ဗိုလ်ချုပ်ကြီးက ပြောကြားခဲ့သည်။

Source: Aljazeera