၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၁

တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)တို့ ကျင်းပပြုလုပ်မည့် အစည်းအဝေးကို မြန်မာကိုယ်စားပြု မတက်ရောက်နိုင်ခဲ့ပါက ထူးခြားမှု ရှိလာမည်မဟုတ်ဟု ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးအောင်သောင်းရွှေက CNI သို့ ပြောသည်။

တရုတ်-အာဆီယံ အစည်းအဝေးကို နိုဝင်ဘာ ၂၂ ရက်နေ့တွင် တရုတ်သမ္မတ ရှီကျင်ဖျင့်က ဦးဆောင် ကျင်းပမည်ဖြစ်သည်။

ဦးအောင်သောင်းရွှေက “မတက်ရင်လည်း ဘာမှ မဖြစ်ပါဘူး။ သူတို့က အရင်ကလည်း မတက်တာလေ။ အာဆီယံက အဲလိုပဲ မြင်တယ်။ မတက်ရင်လည်း ဘာမှမဖြစ်ဘူး။ ထူးခြားတာလည်း မဟုတ်ဘူး” ဟု CNI သို့ ပြောသည်။

တရုတ်-အာဆီယံ အစည်းအဝေးကို မလေးရှား၊ အင်ဒိုနီးရှား၊ ဘရူးနိုင်းနှင့် စင်ကာပူတို့မှ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မှာ မလိုလားကြောင်း သံတမန်အသိုင်းအဝိုင်းကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြထား သည်။

ရန်ကုန်စောင့်ကြည့်အဖွဲ့မှ ဥက္ကဋ္ဌ ဒေါက်တာ ညိုညိုသင်းက တရုတ်-အာဆီယံ အစည်းအဝေး မြန်မာကိုယ်စားပြု မတက် ရောက်နိုင်ပါက မိမိနိုင်ငံအတွက် ရရှိမည့် အခွင့်အရေးများ ဆုံးရှုံးကြောင်း ပြောသည်။

 ဒေါက်တာ ညိုညိုသင်းက “မတက်ရောက်တာ ပြီးခဲ့တဲ့အခေါက်လည်း မတက်ရောက်ခဲ့ဘူးလေ။ အန်တီတို့က မတက် ရောက်နိုင်ခဲ့ရင် ကိုယ့်နိုင်ငံအတွက် ရမယ့် အခွင့်အရေးတွေ ဆုံးရှုံးတယ်ပေါ့။ တစ်ဖက်ကလည်း အာဆီယံရဲ့ သဘောတူညီ ချက် (၅)ရပ်ကို အကောင်အထည်‌ဖော်ဖို့ နိုင်ငံတကာရဲ့ တောင်းဆိုချက်တွေကို နစက အနေနဲ့ အလေးထားပြီး ဂရုပြုပေးမယ် လို့တော့ ထင်တယ်လေနော်” ဟု CNI သို့ ပြောသည်။

ပုံ- နစကဥက္ကဋ္ဌနဲ့ တရုတ်အထူးကိုယ်စားလှယ် ဆွန်ကော်ရှန် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်က တွေ့ဆုံစဉ်။

အဆိုပါ အစည်းအဝေးကို နစက အနေဖြင့် တက်ရောက်နိုင်ခဲ့ပါက မြန်မာ့နိုင်ငံရေးတွင် အလားအလာကောင်းများ ဖန်တီး နိုင် လိမ့်မည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်က သဘောတူညီမှု ရရှိခဲ့သော အာဆီယံသဘောတူချက် ၅ ချက်တွင် သက်ဆိုင်သူ အားလုံးနှင့် တွေ့ဆုံဆွေးနွေးရေး၊ လူသားချင်း စာနာထောက်ထားမှု ရရှိရေးနှင့် သွေးထွက်သံယိုမှုများ ရပ်တန့်ရေးတို့ ပါဝင်သည်။

ဦးအောင်သောင်းရွှေက “တက်ရောက်နိုင်ခဲ့ရင်တော့ သူတို့အတွက် သံခင်းသမန်ခင်းအရ ကောင်းတာပေါ့ဗျာ။ အဲတာတော့ အာဆီယံရဲ့ အာဆီယံနဲ့ မြန်မာနဲ့ ကြားမှာ နည်းနည်းကွာဟနေတာ ပြန်ပြီးတော့ ဖြစ်လာနိုင်တာပေါ့။ အဲတာ ပြန်ပြီးမှ ယုံကြည်မှု ရတာပေါ့။ ရင်းနှီးမှုရတာပေါ့။ တက်နိုင်ရင်ပေါ့လေ။ မတက်နိုင်ရင်‌လည်း သိပ်တော့ မထူးပါဘူး အဲလိုပဲ မြင်ပါ တယ်” ဟု CNI သို့ ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပခဲ့သည့် အာဆီယံထိပ်သီး အစည်းအဝေးသို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဖိတ်ဘဲ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်  ဦးချမ်းအေးကိုသာ ဖိတ်ကြား ခဲ့ခြင်းကြောင့် နစက-က ဘက်ကလည်း အစည်းအဝေး မတက်ရန် ဆုံးဖြတ်ခဲ့သည်။

တရုတ်-အာဆီယံ အစည်းအဝေးတွင် နစကဥက္ကဋ္ဌ တက်ရောက်နိုင်ရေး တရုတ်အထူးကိုယ်စားလှယ် ဆွန်ကော်ရှန် ဘရူးနိုင်းနှင့် စကာပူနိုင်ငံသို့ သွားရောက် စည်းရုံးခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ရောက်ရှိလာကာ နိုဝင်ဘာ ၁၅ ရက်တွင် နစက ဥက္ကဋ္ဌအား တွေ့ဆုံကာ အစည်းအဝေး တက်ရောက်နိုင်ရေး အခြေအနေများကို ဆွေးနွေးခဲ့ကြသည်ဟု သံတမန်အသိုင်း အဝိုင်းမှ သိရသည်။