CNI News

၂၀၂၁ ခုနှစ်၊ ဇူလိုင်  ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့၊ မြို့မရပ်ကွက်တွင်နေထိုင်သူ ဦးမြင့်အောင်းကို လူညွန့်သုဉ်းစေသည့် မူးယစ်ဆေးဝါး ရောင်းချဖြန့်ဝေမှုဖြင့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN – K) မှ သေဒဏ် ပေးလိုက်ကြောင်း NSCN – K မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးဂျူလိုင်ထောင်းက CNI သတင်းဌာနကို ပြောသည်။

NSCN – K မှ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်း မပြုလုပ်ရန် အကြိမ်ကြိမ် သတိပေး တားမြစ်ခဲ့သော်လည်း လိုက်နာဆောင်ရွက်ခြင်းမရှိသည့်အပြင် တိုးချဲ့ရောင်းဝယ် နေသည်ဟု ၎င်းက ဆိုသည်။

မူးယစ်ဆေးဝါးရောင်းချနေကြောင်း သတင်းရရှိ၍ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အထူးတပ်၊ ဗဟိုကောင်စီမှ အရာရှိ၊ စစ်သည်များသွားရောက် ဖမ်းဆီးရှာဖွေခဲ့ရာတွင် လူနှင့်တကွ မူးယစ်ဆေးဝါး ဘိန်းဖြူ ဆပ်ပြာခွက်(၁၄၁)ခွက်၊ ကျပ်ငွေ သိန်း (၂၀) ၊ ရူပီငွေ (၃၀၀၀)၊ ဆိုင်ကယ်(ကင်ဒါ)တစ်စီး၊ CDMA ဖုန်း (၁)လုံး၊  GSM ဖုန်း (၁)လုံးနှင့် ဓါးရှည် (၁)လက်တို့ကို သိမ်းဆည်းရရှိကြောင်း သိရသည်။

ပုံ-ဉီးမြင့်အောင်းဆီက သိမ်းဆည်းရမိတဲ့ မူးယစ်ဆေး၀◌ါများ

၎င်းအမှုကိစ္စနှင့် ပတ်သက်ပြီး ကာယကံရှင်ကို စစ်ဆေးမေးမြန်းရာ မှန်ကန်ကြောင်း ထွက်ဆိုခဲ့သဖြင့် ပြစ်မှုကျူးလွန်သူ ဦးမြင့်အောင်း အသက် (၅၀)နှစ်ကို ဇူလိုင် ၁၇ ရက်တွင် သေဒဏ်ပေးကာ အရေးယူလိုက်ကြောင်း NSCN – K မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးဂျူလိုင်ထောင်းက ပြောသည်။

ထို့အပြင် အခြားမူးယစ်ဆေးဝါးရောင်းချသူများလည်း  ရှိနေပြီး မူးယစ်ဆေးဝါးရောင်းချခြင်း၊ သုံးစွဲခြင်းမပြုလုပ်ရန် တားမြစ်ထားကာ လိုက်နာမှုမရှိပါက ၎င်းနည်းတူ အပြစ်ဒဏ်ပေး စီရင်သွားမည်ဖြစ်ကြောင်း NSCN – K မှ သတိပေး ထားသည်။

NSCN-K သည် အိန္ဒိယအစိုးရကို တိုက်ခိုက်နေသည့် နာဂလက်နက်ကိုင် ဖြစ်ပြီး မြန်မာအစိုးရနှင့် တိုင်းဒေသကြီးအဆင့် အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ၂၀၁၂ ခုနှစ်၊ ဧပြီလ ၉ ရက် တွင် လက်မှတ်ထိုး ထားသည်။

 မြန်မာအစိုးရကမူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)နှင့် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်တို့ လက်မှတ်ရေးထိုးရန် NSCN-K အား ၂၀၁၅ ခုနှစ်က ကမ်းလှမ်း ထားသည်။

#နာဂလက်နက်ကိုင် #NSCN #ဦးမြင့်အောင်း #နန်းယွန်းမြို့နယ် #မူးယစ်ဆေးရောင်းချမှုတားမြစ် # သေဒဏ်  #ငြိမ်းချမ်းရေး #မြန်မာ #CNImyanmar #cninews