CNI News

ဇူလိုင် ၁၉၊ ၂၀၂၁ (ယခုအရှေ့မြောက်ဒေသ)

အာဏာရပါတီနှင့် အတိုက်အခံပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည့် နာဂဒေသ သဘာပတိကော်မတီက နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-အိုက်ဇက်ချီရှီဆူ /မွီးဗာ(NSCN-IM)နှင့် နာဂအမျိုးသားနိုင်ငံရေးအုပ်စုများ (NNPGs) တို့နှင့် ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

NNPGs (နာဂအမျိုးသားနိုင်ငံရေးအုပ်စုများ) နှင့် သဘာပတိကော်မတီတို့၏ တွေ့ဆုံဆွေးနွေးပွဲကို အင်္ဂါနေ့၊ ညနေ ၃ နာရီ ကျင်းပရန် စီစဉ်ထားပြီး NSCN-IM နှင့် တွေ့ဆုံ ဆွေးနွေးပွဲကို ဗုဒ္ဓဟူးနေ့၊ နံနက် ၁၀ နာရီ ကျင်းပမည်ဖြစ်သည်။

အထူးသဖြင့် ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂၁) တွေ့ဆုံပွဲသို့ NSCN-IM အထွေထွေအတွင်းရေးမှူး Thuingaleng Muivah တက်ရောက် မည်ဖြစ်သည်။

NNPG နှင့် တွေ့ဆုံပွဲကို အင်္ဂါနေ့တွင် နာဂဒေသ (Nagaland) Dimapur ရှိ Niathu အပန်းဖြေရိပ်သာတွင် ကျင်းပပြီး NSCN-IM နှင့်သဘာပတိကော်မတီ တွေ့ဆုံပွဲ Dimapur ရှိ Chumukedima ရဲစခန်းဝင်းအတွင်း ဗုဒ္ဓဟူးနေ့ ကျင်းပမည်။

နာဂဒေသဝန်ကြီးချုပ် Neiphiu Rio ဦးဆောင်သော နာဂနိုင်ငံရေးကိစ္စရပ်များ သဘာပတိကော်မတီက ဆယ်စုနှစ်များစွာ ကြာမြင့်ပြီဖြစ်သည့် အင်ဒို-နာဂနိုင်ငံရေးကိစ္စရပ်များ အပေါ် “အဖြေတစ်ခုနှင့် သဘောတူညီမှုတစ်ခု” အတွက် တောင်းဆို ထားသည်။

သဘာပတိကော်မတီကို BJP နှင့် NPF တို့မှ (၁၅ MLAs) ၅ ဦးစီနှင့် NDPP မှ ၄ ဦး၊ လွတ်လပ်သော ပုဂ္ဂိုလ်တစ်ဦးတို့ ပါဝင် လျက် နာဂဒေသအစိုးရက ဇွန် ၉ ရက်၌ ဖွဲ့စည်းပေး ခဲ့သည်။  

NSCN(IM) သည် ဗဟိုနှင့် မူဘောင်သဘောတူညီ(Framework Agreement) ကို ၂၀၁၅ ခုနှစ်၊ ဩဂုတ် ၃ ရက်က လက်မှတ် ရေးထိုးခဲ့ပြီး နာဂအမျိုးသားနိုင်ငံရေးအဖွဲ့(၆)ဖွဲ့တို့၏ လုပ်ငန်းကော်မတီသည် ဗဟိုနှင့် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်က “သဘောတူထားသည့်ရပ်တည်ချက်” သီးခြား သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့သည်။

NSCN-IM က Nagaland အုပ်ချုပ်ရေးမှူး RN Ravi နှင့် တွေ့ဆုံဆွေးနွေးသူတို့ကို လက်မခံဘဲ ငြင်းပယ်ခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ်အစောပိုင်းတွင် နာဂဆွေးနွေးပွဲမှာ အကျပ် အတည်း ဖြစ်ပွားခဲ့ရသည်။

ထိုအချိန်မှစ၍ ထောက်လှမ်းရေးအဖွဲ့(IB) အဖွဲ့က NSCN-IM နှင့် စေ့စပ်ညှိနှိုင်းရေးများ ရှေ့ဆက်ဆောင်ရွက်ခဲ့သည်။

NSCN-IM သည် မိမိတို့တောင်းဆိုနေသော သီးခြားဖွဲ့စည်းပုံအခြေခံဥပဒေနှင့်နာဂအလံတော်တို့အတွက် ဗဟိုနှင့်အတူ အခိုင်အမာရပ်တည်လျက်ရှိသည်။

ထို့အပြင် NSCN-IM သည် အာသံ၊ Arunachal Pradesh နှင့် မဏိပူရတို့ရှိ နာဂလူမျိုးများ နေထိုင်ရာဒေသအားလုံးကို ပေါင်းစည်းရန်လည်း တောင်းဆိုခဲ့သည်။

NSCN-IM ဆိုသည်မှာ အိန္ဒိယတွင် အခြေစိုက်သည့် နာဂလက်နက်ကိုင်အဖွဲ့ဖြစ်သည်။ စတင်ပေါ်ပေါက်ခဲ့သည့် သမိုင်း ကြောင်းမှာ ၁၉၈၀ ခုနှစ်က နာဂအမျိုးသားဆိုရှယ်လစ် ကောင်စီ (NSCN)ကို ဖွဲ့စည်းခဲ့ရာမှ ၁၉၈၈ ခုနှစ်အရောက်တွင် ခေါင်းဆောင်များ ကြား သဘောထားများ ကွဲလွဲလာပြီးနောက် မြန်မာပြည်ဘက်ခြမ်းမွေးဖွားသူ ကပ္ပလန် ဦးဆောင် သည့် အဖွဲ့က နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN-K)ဟုလည်းကောင်း၊ အိန္ဒိယပြည်ဘက် မွေးဖွားကြသည့် အိုက်ဇက်ချီ ရှီဆူ/မွီးဗာတို့နှစ်ဦး ဦးဆောင်သောအဖွဲ့က နာဂ အမျိုးသား ဆိုရှယ်လစ်ကောင်စီ(NSCN-IM)ဟုဆိုကာ အသီးသီး ထူထောင်ခဲ့ကြသည်။ 

ထို့နောက် NSCN-K က မြန်မာဘက်ခြမ်းတွင် အခြေစိုက်၍ အိန္ဒိယအစိုးရကို တော်လှန်တိုက်ခိုက်လျက်ရှိပြီး NSCN-IM ကမူ အိန္ဒိဘက်ခြမ်း၌ အခြေစိုက်ကာ အိန္ဒိယအစိုးရကို တော်လှန်တိုက်ခိုက်လျက်ရှိသည်။ ထိုနှစ်ဖွဲ့စလုံး ၏ ရည်မှန်းချက်မှာ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအတွင်းရှိ နာဂဒေသများကို စုစည်း၍ လွတ်လပ်သော နာဂပြည်ထောင်စုကို ထူထောင်ရန်ဖြစ်သည်။ 

လက်ရှိတွင် NSCN-IM သည် ၁၉၉၇ ခုနှစ်က အိန္ဒိယအစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ငြိမ်းချမ်းရေး သဘောတူ ညီချက် လက်မှတ်ထိုးကာ မူဘောင်တစ်ခုကို ရေးဆွဲ နေကြသည်။ NSCN-K ကမူ အိန္ဒိယအစိုးရနှင့် ၂၀၁၁ ခုနှစ်က ပဏာမ အပစ် အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆို၍ တစ်နှစ်တစ်ခါ သက်တမ်းတိုးခဲ့သော် လည်း ၂၀၁၅ ခုနှစ် မှာ ပျက်ပြယ် သွားခဲ့သည်။ မြန်မာအစိုးရနှင့်မူ ၂၀၁၂ ခုနှစ်၊ ဧပြီလမှာ ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(Bilateral)ကို တိုင်းဒေသကြီးအဆင့် လက်မှတ်ထိုးထား သည်။

#NSCN-IM #NSCN #NNPGs #အိန္ဒိယ #BJP #ငြိမ်းချမ်းရေး #CNImyanmar #cninews