CNI News
၂၀၂၁ ခုနှစ်၊ဇူလိုင် ၂၁


ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေးသည် အဆုတ်မကောင်းသည့် အတွက် အရေးပေါ်အထူးကြပ်မတ်ဆောင်(ICU)ထဲမှာ ဆေးကုသမှု ခံယူနေပြီး ကွယ်လွန်သွားပြီဆိုသော သတင်းမှာ အမှားသာဖြစ်ကြောင်း DKBA မှပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စောဟယ်ဒိုက CNI သတင်းဌာနသို့ ပြောသည်။


ဗိုလ်ချုပ်ကြီး စောမိုရှေးသည် ဇူလိုင် ၁၄ ရက်နေ့ကရန်ကုန်တပ်မတော်အသည်းဆေးရုံမှာ တက်ရောက်၍ ဆေးကုသမှု ခံယူနေကြောင်း DKBA ဘက်ကပြောသည်။


ဗိုလ်မှူးကြီး စောဟယ်ဒိုက “အခြေအနေကတော့ ကောင်းသေးတာပဲ၊ အောက်ဆီဂျင်ရော၊ နှလံးခုန်နှုန်းရော အကုန် ကောင်းတယ်လို့ပြောတယ်ဗျ၊ ဇူလိုင် ၁၄ ရက်နေ့ကလို့သိရတယ်။ (တပ်မတော်အသည်းဆေးရုံမှာပေါ့နော်)ဟုတ်တယ် ဟုတ်တယ်၊ အဆုတ်ရောဂါပဲလို့ ပြောတာ၊ အဆုတ်ထဲမှာရေဝင်နေတယ်လို့ ပြောတယ်။ ဆုံးတာတော့ မဟုတ်ပါဘူး၊ လက်ရှိ ဆေးရုံမှာပဲ ရှိပါသေးတယ်၊  အားလုံးတော့ ပြန်ကောင်းပါပြီ၊ ညနေတုန်းကတော့ နည်းနည်း အသည်းအသန် ဖြစ်နေလို့ပါ။ သတင်းအမှားကြီးလွှင့်တာပါ ကောလာဟလသတင်းကြီးပါ။ ဘာမှမဖြစ်တော့ဘူး အားလုံး ပြန်ကောင်း လာပြီးလို့ ပြောတယ်။ အနီးအနားမှာ နေတဲ့လူတွေ က ပြောလာတာ၊ အခုထွက်နေတဲ့သတင်းတွေက ကောလာဟလ သတင်းတွေပါ မဟုတ်ပါဘူးနော်”ဟု CNI သတင်းဌာန သို့ ပြောသည်။

 

ပုံ-DKBA စစ်ဉီးစီးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေးကိုတွေ့ရစဉ် (NCA-S EAO)

DKBA ၏ ဥက္ကဋ္ဌလည်းဖြစ် စစ်ဦးစီးချုပ်လည်းဖြစ်သူ ဗိုလ်ချုပ်ကြီး စောမိုရှေးသည် လက်ရှိတွင် ရန်ကုန်မြို့ရှိ တပ်မတော် အသည်းဆေးရုံက အထူးကြပ်မတ်ဆောင်(ICU)ထဲမှာ ဆေးကုသမှု ခံယူနေရာ ယနေ့(ဇူလိုင် ၂၁ ရက်)ညနေပိုင်းက အနည်းငယ် အရေးပေါ်ဖြစ်သွားခဲ့သော်လည်း ပြန်လည်သက်သာလာပြီ ဖြစ်ကြောင်း ၎င်းက ပြောသည်။


ဗိုလ်ချုပ်ကြီး စောမိုရှေးသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရပြီးနောက် တပ်မတော်အသည်းဆေးရုံမှာ ဆေးကုသမှု ခံယူ နေခြင်းဖြစ်သည်။ ထိုသို့ ဆေးကုသမှု ခံယူနေစဉ် ဗိုလ်ချုပ်ကြီးစောမိုရှေး ဆုံးပါးသွားပြီဟု လူမှုကွန်ရက်စာမျက်နှာများပေါ် တွင် သတင်းများ ပြန့်နေသည်။


သို့သော် လက်ရှိအချိန်တွင် တပ်မတော်အသည်းဆေးရုံ ICU ထဲမှာ ဆေးကုသမှု ခံယူနေဆဲဖြစ်ကြောင်း DKBA ဘက်မှ ပြောသည်။


DKBA နှင့် နီးစပ်သူ တစ်ဦးက “ DKBA က စောမိုရှေး မဆုံးသေးပါဘူး။ ဒါပေမယ့် ကိုဗစ်နဲ့ ICU ထဲရောက် နေတယ်၊ အခြေအနေတော့ မကောင်းဘူး၊ စက်တော့ မဖြုတ်သေးဘူး၊ တိုးတက်လာစရာတော့ မရှိဘူးလို့ သိရတယ်၊ နေ့လား ညလားပဲ။ အခုတပ်မတော်အသည်းဆေးရုံမှာပါ”ဟု CNI သတင်းဌာနသို့ ပြောသည်။


#ဗိုလ်ချုပ်ကြီးစောမိုရှေး #ကိုဗစ်၁၉ #တပ်မတော်ဆေးရုံ #ICU #DKBA #အဆုတ်ရောင် #သတင်းမှား #ဆေးကုသမှုခံယူနေ #CNImyanmar #cninews