အဒစ်ဘာဘာ၊ နိုဝင်ဘာ ၁၅

အီသီယိုးပီးယားနိုင်ငံတွင် ရေရှည်စစ်ပွဲ၌ ရန်လိုမှုရပ်တန့်ရေး နိုင်ငံတကာကြိုးပမ်းမှုများ ကြီးထွားလာစဉ်အတွင်း ကင်ညာသမ္မတ အူဟူရူကန်ယတ်တသည် အဆိုပါနိုင်ငံ၊ အဒစ်ဘာဘာမြို့တော်သို့ ရောက်ရှိလာခဲ့သည်။

အာဖရိကသမဂ္ဂ (AU) အထူးသံတမန် အိုလူစီဂန်အော်ဘာဆန်ဂျိုက “အီသီယိုးပီးယား ပဋိပက္ခကို ဆွေးနွေးပွဲဖြင့် အဆုံးသတ်နိုင်မည်ဟု မျှော်လင့်ထားကြောင်း” ထုတ်ဖော်ပြောကြားခဲ့သော်လည်း လက်တွေ့တွင် ချက်ချင်း အပစ်ရပ်စဲခြင်းမရှိသည့်အတွက် ဆွေးနွေးပွဲများဖြင့် ရန်လိုမှုများ ရပ်တန့်နိုင်မည်မဟုတ်ကြောင်း သုံးသပ်ကြချိန်၌ ယခုကဲ့သို့ အီသီယိုးပီးယားနိုင်ငံသို့ ကင်ညာသမ္မတ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်ဟု အယ်လ်ဂျာဇီးယား သတင်းဌာနက ရေးသားဖော်ပြသည်။

၁၂ လကျော်ကြာ ဖြစ်ပွားနေခဲ့သည့် ဖက်ဒရယ်တပ်များနှင့် တီဂရာယန်တပ်များအကြား တိုက်ပွဲများကြောင့် အီသီ ယိုးပီးယားနိုင်ငံတွင် လူထောင်နှင့်ချီ၍ သေဆုံးခဲ့ပြီး လူ ၂ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ သိန်းနှင့်ချီသော ပြည်သူများမှာလည်း အစာရေစာ ငတ်မွတ်ခေါင်းပါးခြင်းကဲ့သို့ အခြေအနေမျိုးနှင့် ရင်ဆိုင်နေရသည်။

AU အထူးသံတမန် အော်ဘာဆန်ဂျိုသည် အီသီယိုးပီးယားဝန်ကြီးချုပ် အဘီအာမက်နှင့် တီဂရေးပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (TPLF) (တီဂရာယန်သူပုန်)တို့ကို တွေ့ဆုံပြီးနောက် နိုဝင်ဘာ ၁၁ ရက်တွင် အီသီယိုး ပီးယားမှ ပြန်လည်ထွက်ခွာသွားခဲ့သည်။ အလားတူ အမေရိကန်အထူးသံတမန် ဂျက်ဖရေးဖက်တမန်းလည်း ပြီးခဲ့တဲ့သီတင်းပတ်က အီသီယိုးပီးယားနိုင်ငံသို့ လာရောက်ခဲ့ပြီး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

နိုဝင်ဘာ ၁၄ ရက်က ဒေသတွင်းဖျန်ဖြေရေးကြိုးပမ်းမှုများ၌ ပါဝင်ခဲ့သည့် ကင်ညာသမ္မတ အူဟူရူကန်ယတ်တ သည် မထင်မှတ်ထားဘဲ တစ်ရက်တာခရီးစဉ်အဖြစ် အီသီယိုးပီးယားသို့ ရောက်လာခဲ့ပြီး အီသီယိုးပီးယား ဝန်ကြီးချုပ် အဘီအာမက်က ၎င်းတို့နှစ်ဦး ရိုက်ကူးထားသည့် ဓါတ်ပုံများကို တွစ်တာလူမှုကွန်ရက်ပေါ်သို့ လွှင့်တင်ခဲ့သည်။

ကင်ညာသမ္မတ၏ခရီးစဉ်အတွင်း ၎င်းသည် အဘီအာမက်၊ အီသီယိုးပီးယားသမ္မတ စဟလီဝေါ့ဇွာဒီတို့နှင့် သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း တွစ်တာလူမှုကွန်ရက်တွင် ရေးသားချက်အရ သိရသည်။

ယခုလအစောပိုင်းတွင် အူဟူရူကန်ယတ်တသည် အီသီယိုးပီးယားပြည်တွင်း၌ တိုက်ခိုက်နေသော နှစ်ဖွဲ့စလုံးကို လက်နက်ချပြီး ငြိမ်းချမ်းရေးလမ်းကြောင်း ရှာဖွေရန် တိုက်တွန်းခဲ့သည်။

“တိုက်ပွဲတွေ ရပ်ရမယ်။ အထူးသဖြင့် စိတ်အနှောင့်အယှက်ဖြစ်စရာတွေနဲ့ ဆွေးနွေးမှုကင်းမဲ့နေတာတွေကို ရှုတ်ချပါတယ်” ဟု အူဟူရူကန်ယတ်တက ပြောကြားခဲ့သည်။

အီသီယိုးပီးယား၌ ကမ္ဘာ့အဆိုးဆုံးလူသားချင်းစာနာမှုအကျပ်အတည်း ဆိုက်ရောက်နေချိန်၌ ပြည်သူများ စစ်ပွဲကြောင့် ထွက်ပြေးလာမည်ကို ကင်ညာနိုင်ငံက စိုးရိမ်သဖြင့် ၎င်းနှင့်အီသီယိုးပီးယားနယ်စပ်တလျှောက် လုံခြုံရေးကို တိုးမြှင့်ထားသည်။

Source: Aljazeera