၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၅

ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်ရေးအတွက် ကြားဝင်ညှိနှိုင်းပေးရန် ဂျပန်အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါကို တောင်းဆိုသွားမည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)မှ ဥက္ကဋ္ဌ စိုင်းအိုက် ပေါင်းက CNI သို့ ပြောသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဂျပန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံ အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စား လှယ် မစ္စတာ ဆာဆာကာဝါသည် SNDP အပါအဝင် နိုင်ငံရေးပါတီ (၄)ပါတီနှင့် ရန်ကုန်မြို့တွင် နိုဝင်ဘာ ၁၇ ရက်မှာ တွေ့ဆုံ သွားမည်ဟု သိရသည်။

SNDP ပါတီဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက “ကျ‌နော်တို့ကတော့ ဖြစ်နိုင်ရင် ရှမ်းပြည်နယ်က တိုက်တာခိုက်တာကို ဝင်ပေးဖို့တော့ ကျ‌နော်ပြောဖို့ စိတ်ကူးထားတယ်။ အေးချမ်းအောင်ပေါ့နော်။ စစ်ဘေးရှောင်တွေလည်း အနည်းဆုံး ၅၀၀၀ နဲ့ ၈၀၀၀ ကြားမှာ ရှိနေတယ်။ ရှမ်းပြည်မှာ သီပေါ၊ ကျောက်မဲဘက်မှာလေ။ အဲတာလည်း ကျနော်ပြောမှာပါ”ဟု CNI သို့ ပြော သည်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလအထိ ၂ နှစ် ကျော် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ မစ္စတာ ဆာဆာကာဝါ၏ ကြားဝင် စေ့စပ်မှုကြောင့် ရပ်တန့်ခဲ့သည်မှာ တစ်နှစ်ရှိပြီ ဖြစ် သည်။

ပုံ-စိုင်းအိုက်ပေါင်းကိုတွေ့ရစဉ်။

ရှမ်းပြည်နယ်အတွင်းက မိုင်းကိုင်မြို့နယ်၊ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်များတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။

ရှမ်းပြည်နယ်တွင် တအာင်း(TNLA)၊ ကိုးကန့်(MNDAA)၊ ရှမ်း(SSPP)၊ ရှမ်း(RCSS)၊ မိုင်းလားအဖွဲ့(NDAA)၊ “ဝ” (UWSA)၊ ကချင် (KIA)၊  ပြည်သူ့စစ်၊ တပ်မတော် စသည့် လက်နက်တပ်ဆင်ထားသည့် အဖွဲ့အစည်းများ လှုပ်ရှားလျက်ရှိပြီး ရှမ်းပြည်နယ် မြောက်ပိုင်းမှာတော့ TNLA-SSPP  ပူးပေါင်းအဖွဲ့နှင့် RCSS ကြားလည်းကောင်း၊ တပ်မတော်နှင့် FPNCC အဖွဲ့ဝင်များ ဖြစ် သည့် (TNLA MNDAA၊ SSPP၊  KIA)လည်းကောင်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

စိုင်းအိုက်ပေါင်းက “စစ်ဘေးရှောင်ပြည်သူတွေ ဒုက္ခရောက်နေတာ သူ့ကို ကူညီခိုင်းဖို့ ကျနော် မေတ္တာရပ်ခံပါမယ်။ နောက် စစ်မဖြစ်ဖို့ တိုင်းရင်းသားအချင်းချင်း စစ်မဖြစ်ဖို့ သူကြားဝင်နိုင်တယ်ဆိုရင် ဝင်ပေးဖို့ပေါ့နော်” ဟု CNI သို့ ပြောသည်။

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်က မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် မစ္စတာ ဆာဆာကာဝါသည် လက်ရှိတွင် ရခိုင်ပြည်နယ်တို့ ရောက်ရှိနေပြီး ယနေ့ (နိုဝင်ဘာ ၁၅) နေ့လယ် ၃ နာရီတွင် စစ်တွေမြို့မှာ ရခိုင်အမျိုးသားပါတီ (ANP)နှင့် တွေ့ဆုံ ဆွေးနွေး ကြမည်ဖြစ်ကြောင်း သိရသည်။