ဝါရှင်တန်၊ နိုဝင်ဘာ ၁၅

၂၀၁၉ ခုနှစ်က ဆီးရီးယား၌ အရပ်သားများ သေဆုံးစေခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများအတွင်း လူပေါင်း ဆယ်ဂဏန်းအထိ သေဆုံးခဲ့မှုကို ဖုံးကွယ်ထားကြောင်း နယူးယောက်တိုင်းမ်သတင်းစာက စုံစမ်းရေးသား ပြီးနောက် အဆိုပါလေကြောင်းတိုက်ခိုက်မှုသည် တရားဝင်(legitimate)ဖြစ်ကြောင်း အမေရိကန် ဗဟိုစစ်ဌာနချုပ် က နိုဝင်ဘာ ၁၄ တွင် ပြောကြားလိုက်သည်ဟု အေအက်ဖ်ပီသတင်းကို ကိုးကားလျက် ဘန်ကောက်ပို့စ်က ရေးသားဖော်ပြသည်။

ဆီးရီးယားရှိ အမေရိကန်အထူးတပ်ဖွဲ့သည် ရံဖန်ရံခါ လျှို့ဝှက်လုပ်ဆောင်မှုများရှိခဲ့ပြီး ညဘက်မီးမှောင်ချ၍ အိုင်အက်စ်အဖွဲ့၏ခံတပ်အနီးရှိ အရပ်သားများကို လေကြောင်းမှ ဗုံး ၃ လုံးအထိ ကြဲချခဲ့ကြောင်း နယူးယောက် တိုင်းမ်က နိုဝင်ဘာ ၁၃ ရက်တွင် ဖွင့်ချရေးသားခဲ့သည်။ ထိုကဲ့သို့ လေကြောင်းတိုက်ခိုက်မှုအတွင်း အမျိုးသမီးနှင့် ကလေးအများစု သေဆုံးခဲ့ရပြီး သေဆုံးသူ ၇၀ မျှ ရှိကြောင်း နယူးယောက်တိုင်းမ်က ဆက်လက်ရေးသား ထားသည်။

အဆိုပါတိုက်ခိုက်မှုသည် စစ်ရာဇဝတ်မှုမြောက်သည့် လုပ်ရပ်ဖြစ်ကြောင်း အမေရိကန်ဥပဒေအရာရှိတစ်ဦးက ပြောကြားခဲ့သော်လည်း ဆီးရီးယားစစ်မျက်နှာတွင် စစ်ဆင်ရေးအဆင့်တိုင်းနီးပါးကို အမေရိကန်စစ်တပ်က ယင်းသို့ ဆိုးဝါးသည့် လုပ်ဆောင်ချက်အချို့ကို ဖုံးကွယ်ထားခဲ့ကြောင်း နယူးယောက်တိုင်းမ်က ဆက်လက် ဖွင့်ချခဲ့သည်။

လျှို့ဝှက်စာရွက်စာတမ်းများ၊ တိုက်ရိုက်ပါဝင်ပတ်သက်သူများ၊ ထိပ်တန်းလုံခြုံရေးအရာရှိများနှင့် တွေ့ဆုံ မေးမြန်းမှုများမှ ရရှိသောသတင်းအချက်အလက်များအရ ၂၀၁၉ အမေရိကန်လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်သည် အိုင်အက်စ်ဆန့်ကျင်ရေးအတွက် စစ်ပွဲ၌ အရပ်သားသေဆုံးမှုအများဆုံးဖြစ်စဉ်ထဲမှ တစ်ခုဖြစ်ကြောင်း နယူး ယောက်တိုင်းမ်က ဖော်ထုတ်တွေ့ရှိခဲ့သည်။

Photo-credit 

“သေဆုံးသူဦးရေ နည်းပါးသွားပါပြီ။ အစီရင်ခံစာတွေ နှောင့်နှေးပေမယ့် သီးသန့်စီ ခွဲခြားထားပါတယ်။ အ မေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့က သူတို့ ဗုံးကြဲခဲ့တဲ့နေရာကို ဘူဒိုဇာနဲ့ ရှင်းပစ်ပါတယ်။ ထိပ်တန်း ခေါင်းဆောင်တွေကိုလည်း အကြောင်းမကြားခဲ့ပါဘူး” ဟု နယူးယောက်တိုင်းမ်၏သတင်းတွင် ဖော်ပြထားသည်။ ထို့ပြင် ပင်တဂွန်၏ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးမှူးချုပ်၏ တွေ့ရှိချက်များမှာ ရပ်တန့်နေပြီး ယင်းကဲ့သို့ လေကြောင်းတိုက်ခိုက်မှုများကို မဖော်ပြခဲ့ပေ။

အသေးစိတ်တုံ့ပြန်မှုများ၌ အမေရိကန်တို့၏ ဗဟိုစစ်ဌာနချုပ်(CENTCOM) စုံစမ်းစစ်ဆေးမှုတစ်ခုအရ အဆိုပါလေကြောင်းတိုက်ခိုက်မှုသည် တရားဝင်အားဖြင့် ကိုယ့်ကိုယ်ကို ခုခံကာကွယ်ခြင်း၊ စနစ်တကျ လုပ်ဆောင်ခြင်းနှင့် ချိန်ရွယ်ထားသောပစ်မှတ်ထဲ၌ အရပ်သားများရှိနေခြင်းတို့အတွက် သင့်လျော်သည့် ခြေလှမ်းများဖြင့်သာ လုပ်ဆောင်ခဲ့ကြောင်း စစ်ရေးအစီရင်ခံစာထဲတွင် ဖော်ပြထားသည်။

အဆိုပါဗုံးကြဲ၊ ဗုံးခွဲတိုက်ခိုက်မှုအတွင်း အိုင်အက်စ်စစ်သွေးကြွ ၁၆ ဦးသေဆုံးခဲ့ကြောင်းနှင့် အရပ်သား ၄ ဦးထက်မနည်း သေဆုံးကြောင်း၊ အရပ်သား ၈ ဦး ဒဏ်ရာရခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယခုနယူးယောက်တိုင်းမ်၏စုံစမ်းရေးသားမှု၌ အခြားသေဆုံးသူ ၆၀ ကျော်၏အခြေအနေကို အတိအကျ ဖော်ပြနိုင်ခြင်း မတွေ့ရကြောင်း၊ အချို့သော အမျိုးသမီးများနှင့်ကလေးများသည် အသနားခံလိုမှု(သို့မဟုတ်) ၎င်းတို့ကိုယ်တိုင်ရွေးချယ်မှုဖြင့် တိုက်ပွဲများ၌ လက်နက်စွဲကိုင်တိုက်ခိုက်ခဲ့ခြင်းတို့ကြောင့် အရပ်သားပစ်မှတ် ဟုတ်/မဟုတ် အတိအကျခွဲခြား၍ မရကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

Source: AFP, Bangkok Post