CNI News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၅
အမေရိကန်နိုင်ငံသား သတင်းထောက် Danny Fenster ပြန်လွတ်မည်ဟု သတင်းများထွက်ပေါ်နေကြောင်း သံတမန်အသိုင်း အဝိုင်းထံမှ သိရသည်။
၎င်း၏အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေက“ပြန်လွတ်ဖို့ သတင်းတွေ အဲ့လိုတော့ ကြားနေတာပဲ။ ဒါပေမယ့် ကျနော်တို့ကိုယ်တိုင်လည်း သေချာမြင်ရ တွေ့ရတာမဟုတ်တော့ အတည်မပြုပါဘူးနော်။ ပြန်လွတ် မယ့် အနေထားကတော့ သူတို့အပေါ်ပဲ မူတည်တာပေါ့။ အနေအထားကတော့ အကောင်းတော့ မျှော်လင့်တာ ပေါ့။ ဘီလ်ရစ်ချတ်ဆန် လာပြီးတဲ့ နောက်ပိုင်းမှာမှ တရားရုံးက ရုံးချိန်းတွေ နေ့တိုင်းဖြစ်ပြီးတော့ မြန်မြန် ပြီး ပြတ်အောင် ဖြတ်လိုက်တဲ့ သဘောရှိတာကိုး။ ပထမဆုံးက လုံးဝအမှုမစစ်ပဲ ထားထားရာကနေ အဲ့လိုဆိုတဲ့ အခါကျတော့ အရွေ့တစ်ခု ထူးခြားလို့ အမှုကို မြန်မြန် ဖြတ် တယ်လို့ပဲ ယူဆပါတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။
အမေရိကန်နိုင်ငံသား သတင်းထောက် Danny Fenster သည် ရန်ကုန်အခြေစိုက် Frontier Myanmar မဂ္ဂဇင်း၏ အုပ်ချုပ်မှု အယ်ဒီတာဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ မေလက အမေရိကန်နိုင်ငံသို့ ပြန်ရန် ရန်ကုန်လေဆိပ်အရောက်မှာ ဖမ်းဆီးခံခဲ့ရသည်။
ပုံ- အမေရိကန်နိုင်ငံသားသတင်းထောက် Danny Fenster ပြန်လွတ်ရေး မိသားစု၀င်များတောင်းဆို။ (Detroit Free Press)
ထို့နောက် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁)၊ ရာဇသတ်ကြီးဥ့ပဒေပုဒ်မ ၅၀၅(က)၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေ ပုဒ်မ ၁၃(၁) တို့ဖြင့် တရားစွဲဆိုခံခဲ့ရပြီး နိုဝင်ဘာ ၁၂ ရက်တွင် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံခဲ့ရသည်။
ထိုပြစ်ဒဏ်များ ချမှတ်ပြီးနောက် အမေရိကန်နိုင်ငံသား သတင်းထောက် Danny Fenster ကို လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၂ ခုဖြင့် ထပ်တိုး အမှုဖွင့်ခဲ့ပြီး အမြန်အမိန့်ချနိုင်ရန် ရုံးချိန်းများ တောက်လျောက် စစ်ဆေးလျက်ရှိသည်။ ထိုအမှုများ ယခုရက်ပိုင်းအတွင်း အပြီးစစ်ဆေးကာ အမိန့်ချမှတ်မှုများပြုလုပ်၍ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်ပေးမည်ဟု သတင်းများ ထွက်ပေါ်နေသည်။
အဆိုပါ အခြေအနေများနှင့်ပတ်သက်ပြီး နစက သတင်းထုတ်ပြန်ရေးအဖွဲ့ကို ဆက်သွယ်မေးမြန်းသော်လည်း တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။
ပုံ- ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂ ရက်က ဘီလ်ရစ်ချတ်ဆန်နဲ့ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံစဉ်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂ ရက်နေ့က အမေရိကန်သံအမတ်ဟောင်း ဘီလ်ရစ်ချတ်ဆန် မြန်မာနိုင်ငံသို့ လာရောက်ကာ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။
အလားတူ နိုဝင်ဘာ ၁၂ ရက်တွင် ဂျပန်အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။
အဆိုပါ သံတမန်များ မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းနှင့် တွေ့ဆုံဆွေးနွေးမှုများတွင် အမေရိကန်နိုင်ငံသား သတင်းထောက် Danny Fenster ပြန်လွတ်လာရေး တစ်စိတ်တစ်ပိုင်း ပါ၀င်ကြောင်း သံတမန်အသိုင်းအ၀န်းမှ သိရသည်။
မြန်မာနိုင်ငံတွင် ယခင်က လက်ရှိ နစကအဖွဲ့ဝင်ဖြစ်သူ မန်းငြိမ်းမောင်ကို ၂၀၁၁ ခုနှစ်၊ဇူလိုင်လက ရန်ကုန် အပြည်ပြည်ဆိုင် ရာလေဆိပ်မှာ ဖမ်းဆီးခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးဉပဒေပုဒ်မများ အပါအဝင် နိုင်ငံတော် ပုန်ကန်မှု၊ မတရားအသင်း ဆက် သွယ်မှု စသည့် ပုဒ်မများဖြင့် တရားစွဲ၍ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်၊မတ်လ ၁၉ ရက် တွင် လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်ခဲ့ဖူးသည့် သမိုင်းများရှိသည်။