CNI News
 
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၅
 
အမေရိကန်နိုင်ငံသား သတင်းထောက် Danny Fenster ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)က ယနေ့ (နိုဝင်ဘာ ၁၅ ရက်)တွင် ပြန်လွတ်ပေးလိုက်ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက CNI သတင်းဌာနသို့ အတည်ပြုသည်။
 
ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဟုတ်ပါသည်”ဟု ပြောသည်။
 
Danny Fenster ၏ ရှေ့နေဖြစ်သူ ဉီးသန်းဇော်အောင်ကလည်း Danny Fenster ကို ပြန်လွတ်ပေးလိုက်သည်မှာ မှန်ကန်ကြောင်း CNI သတင်းဌာနသို့ အတည်ပြုပေးသည်။
 
၎င်းက “လွတ်သားပြီးလို့တော့ ကျနော့်အသိတစ်ယောက်တော့ ပြောတယ်။ လေယာဉ်ပေါ်ရောက်နေပြီလို့လည်း ပြောတယ်။ အမေရိကန်သံရုံးမဟုတ်သော တခြားသံရုံးတစ်ခုက သံအမတ်ကြီးတစ်ယောက်ကလည်း ကျနော့်ကို Congratulation ပါ သူလွတ်သွားပြီ ဝမ်းသာပါတယ်ဆိုပြီးတော့ ကျနော့်ကို စာပို့ထားတာရှိတယ်”ဟု CNI သို့ ပြောသည်။
 
အမေရိကန်နိုင်ငံသား သတင်းထောက် Danny Fenster သည် ရန်ကုန်အခြေစိုက် Frontier Myanmar မဂ္ဂဇင်း၏ အုပ်ချုပ်မှု အယ်ဒီတာဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ မေလက အမေရိကန်နိုင်ငံသို့ ပြန်ရန် ရန်ကုန်လေဆိပ်အရောက်မှာ ဖမ်းဆီးခံခဲ့ရသည်။
 
ထို့နောက် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁)၊ ရာဇသတ်ကြီးဥ့ပဒေပုဒ်မ ၅၀၅(က)၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေ ပုဒ်မ ၁၃(၁) တို့ဖြင့် တရားစွဲဆိုခံခဲ့ရပြီး နိုဝင်ဘာ ၁၂ ရက်တွင် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံခဲ့ရပြီးနောက် ယနေ့ (နိုဝင်ဘာ ၁၅ ရက်)တွင် ပြန်လွတ်ပေးခဲ့သည်။
လက်ရှိမှာတော့ Danny Fenster သည် မိခင်နိုင်ငံသို့ ပြန်သွားပြီဖြစ်ကြောင်း သိရသည်။