CNI News

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၅

ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါနှင့် အမေရိကန်သံအမတ်ဟောင်း မစ္စတာဘီလ်ရစ်ချတ်ဆန်တို့၏ မေတ္တာရပ်ခံချက်ကြောင့် အမေရိကန်နိုင်ငံသား သတင်းထောက် ဒန်နီဖန်စတာကို လွတ်ငြိမ်းသက်သာခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း နစက-က သတင်း ထုတ် ပြန်သည်။

ယနေ့ (နိုဝင်ဘာ ၁၅ ရက်) နစက၏ ထုတ်ပြန်ချက်တွင် ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Mr.Hideo Watanabe ၊ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာ ကာဝါ၊ အမေရိကန် နယူးမက္ကဆီကို ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းနှင့်ကမ္ဘာလုံးဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ရစ်ချတ်ဆန် စင်တာဥက္ကဋ္ဌ မစ္စတာဘီလ်ရစ်ချတ်ဆန် တို့၏ မေတ္တာရပ်ခံချက်အရလည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်သော ဆက်ဆံရေးကို ရှေးရှုသောအားဖြင့်လည်း ကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း အမေရိကန်နိုင်ငံသား ဒန်နီဖန်စတာကို ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်ပြုကာ ပြည်နှင် ဒဏ်ပေးလိုက်ကြောင်း ဖော်ပြထားသည်။

ထို့နောက် ၎င်းသည် မစ္စတာဘီလ်ရစ်ချတ်ဆန်နှင့်အတူ တစ်ပါတည်း ယနေ့(နိုဝင်ဘာ ၁၅ ရက်)တွင် လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာသွားကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်ဟု နစက-က ထုတ်ပြန်ခဲ့သည်။