CNI News

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၅

တရုတ်နိုင်ငံ၏အာရှရေးရာထူးကိုယ်စားလှယ် မစ္စတာဆွန်ကော်ရှန်၊ အမေရိကန်သံအမတ်ဟောင်း မစ္စတာ ဘီလ်ရစ်ချတ်ဆန်တို့ နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  သီးခြားစီ ယနေ့ (နိုဝင်ဘာ ၁၅ ရက်)တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

မစ္စတာဆွန်ကော်ရှန်နှင့် နစကဥက္ကဋ္ဌတို့သည် ယနေ့ (နိုဝင်ဘာ ၁၅ ရက်)မွန်းလွဲပိုင်းက နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး၌ တွေ့ဆုံခဲ့ကြသည်။

အဆိုပါ တွေ့ဆုံမှုတွင် နစကအနေဖြင့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ်ချမှတ် အကောင်အထည် ဖော်ဆောင်ရွက်နေမှုနှင့် ပြည်သူများမှရွေးချယ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြင့် ဆက်လက် လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ဆက်ဆံရေး၊ တရုတ်နိုင်ငံနှင့် အာဆီယံ အဖွဲ့တို့၏ ဆက်ဆံရေး အခြေအနေများ၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်း ချမ်းရေးဆိုင်ရာ ဆောင်ရွက်နေမှုများနှင့် တရုတ်နိုင်ငံမှ ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများအား ဆွေး နွေးခဲ့ကြသည်ဟု နစက-က ထုတ်ပြန်ခဲ့သည်။

ပုံ-တရုတ်အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်က တွေ့ဆုံစဉ်

ထို့နောက် အမေရိကန်နိုင်ငံ၊ နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မစ္စတာဘီလ်ရစ်ချတ်ဆန်းနှင့် နစကဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ သီးခြား လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

ထိုတွေ့ဆုံမှုတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကူညီဆောင်ရွက်ပေးမည့် အခြေအနေများ၊ မြန်မာနိုင်ငံနှင့် နိုင်ငံတကာဆက်ဆံရေး တိုးတက်ကောင်းမွန်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေ များ၊ မြန်မာနိုင်ငံအတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာကဏ္ဍများတွင် ကူညီဆောင်ရွက်ပေးမည့် အခြေအနေများအား ဆွေးနွေးခဲ့ကြသည်ဟု နစက-က ထုတ်ပြန်ခဲ့သည်။

မစ္စတာဘီလ်ရစ်ချတ်ဆန်နှင့် နစကဥက္ကဋ္ဌတို့ တွေ့ဆုံပြီးနောက် ၂၀၂၁ ခုနှစ်၊မေလကတည်းက ဖမ်းဆီးခံထားရ သည့် အမေရိကန်နိုင်ငံသား သတင်းထောက် ဒန်နီဖန်းစတားကို ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြု၍ ပြည်နှင် ဒဏ်ပေးကာ မစ္စတာဘီလ်ရစ်ချတ်ဆန်နှင့်အတူ အမေရိကန်နိုင်ငံသို့ ပို့ဆောင်ပေးလိုက်ကြောင်း သိရသည်။

ပုံ-အမေရိကန်သံအမတ်ဟောင်း မစ္စတာဘီလ်ရစ်ချတ်ဆန်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်က တွေ့ဆုံစဉ်

တခြားတစ်ဖက်မှာလည်း ဂျပန်အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါသည် မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၁၂ ရက်နေ့ကတည်းက ရောက်ရှိနေပြီး နိုဝင်ဘာ ၁၃ ရက်က နစကဥက္ကဋ္ဌနှင့်တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ယခု နိုဝင်ဘာလအတွင်းမှာ မြန်မာနိုင်ငံသို့ အမေရိကန်သံအမတ်ဟောင်း မစ္စတာဘီလ်ရစ်ချတ်ဆန်၊ ဂျပန် အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါ၊ တရုတ်အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော်ရှန်တို့ ရောက်ရှိကာ နစကဥက္ကဋ္ဌနှင့်တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။