ပြုံယမ်း၊ နိုဝင်ဘာ ၁၆
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းသည် နိုင်ငံတကာအလယ်တွင် အထီးကျန်မှုနှင့်ဖိအားပေးမှုများကို ရင်ဆိုင်နေရချိန်တွင် တရုတ်နိုင်ငံနှင့်နယ်စပ်အနီးရှိ အရေးပါသောဖွံ့ဖြိုးရေးစီမံကိန်းတစ်ခုသို့ စစ်ဆေးရန် ရောက်ရှိလာပြီး လ အတန်ကြာ အများမြင်ကွင်းတွင် ပျောက်ကွယ်နေရာမှ ပြန်လည်ထွက်ပေါ်လာခဲ့ကြောင်း အေပီသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
အဆိုပါစီမံကိန်းအကောင်အထည်ဖော်နေသည့် ဆမ်ဂျီယွန်မြို့သို့ လာရောက်စစ်ဆေးစဉ် ကင်မ်ဂျုံအန်းက “နေမင်း၏မြင့်မြတ်သောနေရာဟုဆိုသည့် ဧရိယာအတွင်း ဆောက်လုပ်ရေးတိုးတက်လာမှုအတွက် မိမိ ကျေနပ် အားရကြောင်း” ပြောကြားချက်အား မြောက်ကိုရီးယားတရားဝင်သတင်းအေဂျင်စီဖြစ်သော KCNA က နိုဝင်ဘာ ၁၆ ရက်၊ ယနေ့ သတင်းထုတ်လွှင်ခဲ့သည်။ ဆမ်ဂျီယွန်မြို့သည် ကင်မ်မိသားစုလွှမ်းမိုးသော မြောက်ကိုရီးယား၏ အလေးအမြတ်ပြုရာ “ပေခု”(Paektu)တောင်ခြေရင်းတွင် တည်ရှိပြီး နိုင်ငံ၏တော်လှန်ရေး ဝိညာဉ် ဗဟို အချက် အချာအဖြစ် ပုံဖော်တည်ဆောက်နေခြင်းဖြစ်သည်။
ဆမ်ဂျီယွန်ကို စံပြမြို့အဖြစ် တည်ဆောက်ခြင်းသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလ၌ လက်ရှိအာဏာရပါတီ တည်ထောင်ခြင်း ၇၅ နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် ပြီးမြောက်ရန် ရည်ရွယ်ခဲ့သော နိုင်ငံလုံးဆိုင်ရာ ဆောက် လုပ်ရေးလုပ်ငန်းများ၏ အဓိကအာရုံစိုက်ရာနေရာအဖြစ် သတ်မှတ်ထားသည်။
သို့သော် ကင်မ်၏နျူးကလီးယားလက်နက်နှင့်ဒုံးကျည်အစီအစဉ်များအပေါ် နိုင်ငံတကာပိတ်ဆို့အရေးယူမှုနှင့် ကပ်ရောဂါဖြစ်ပွားနေသော တရုတ်နယ်စပ်တို့ကြောင့် တည်ဆောက်ရေးလုပ်ငန်းများမှာ နှေးကွေးနေခဲ့သည်။
Photo - AP
ကင်မ်သည် ၎င်းခေါင်းဆောင်မှု၏ အခက်ခဲဆုံးကာလကို ကျော်လွှားရန် ရုန်းကန်နေရပြီး ၎င်းချမှတ်ထားသော Covid-19 ဆိုင်ရာအကန့်အသတ်များ၊ နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ဆယ်စုနှစ်များစွာ စီမံခန့်ခွဲမှု အလွဲများကြောင့် ထိခိုက်နေသောနိုင်ငံ၏စီးပွားရေးအတွက် နောက်ထပ်တုန်လှုပ်စရာများ ဆက်တိုက် ဖြစ်ပွားလာခဲ့သည်။
ဆမ်ဂျီယွန်မြို့စီမံကိန်းမှာ ယခုနှစ်ကုန်တွင် အပြီးသတ်နိုင်မည်ဖြစ်ပြီး ကင်မ်ဂျုံအန်းသည် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၌ ဖခင်ကွယ်လွန်ပြီး အာဏာရလာသည့်နောက်ပိုင်း ဆယ်စုနှစ်တစ်ခုကြာ အုပ်ချုပ်နေသည့်အတွင်း လိုအပ်ချက် တစ်ခုဖြည့်ဆည်းပေးနိုင်ခဲ့ပြီဖြစ်ကြောင်း KCNA သတင်းတွင် ဆက်လက်ဖော်ပြထားသည်။
စီမံကိန်းလုပ်သားများအနေဖြင့် သစ္စာစောင့်သိမှု၊ ခိုင်မာသောဆန္ဒနှင့် မသာယာသောပတ်ဝန်းကျင်တွင် နေထိုင် ရင်း ဇွဲကောင်းကောင်းထား၍ ကြိုးစားကြခြင်းအတွက် ကင်မ်က ချီး ကျူးပြောကြားခဲ့ပြီး ဆမ်ဂျီယွန်စံပြမြို့သည် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ဦးဆောင်လမ်းပြဖြစ်လာမည်ဟု ဆိုသည်။ လူနေအိမ်များ၊ အဆောက်အဉီများ၊ လမ်းအသစ်များနှင့် ဓါတ်အားလိုင်းအသစ်များ တည်ဆောက်ခြင်းအပါအဝင် ဆမ်ဂျီယွန်သည် လေးနှစ်ကြာ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ဆောင်ခဲ့ကြောင်း KCNA သတင်းတွင် တွေ့ရသည်။
ယခုဆမ်ဂျီယွန်စီမံကိန်းသို့ ကင်မ်လာရောက်ခြင်းသည် အောက်တိုဘာ ၁၁ ရက်က ကျင်းပသည့် လက်နက်ပြပွဲ နောက်ပိုင်း လူထုမြင်ကွင်းသို့ ပြန်လည်ထွက်ပေါ်လာခြင်းဖြစ်သည်။
မြောက်ကိုရီးယားရှိ “ပေခုတောင်”သည် ဒုတိယကမ္ဘာစစ်က တောင်စောင်းပေါ်ရှိ အခြေစိုက်စခန်းများမှနေ၍ ဂျပန်တို့ကို ပြောက်ကျားစစ်ဖြင့် ကိုရီးယားကျွန်းဆွယ်ကို ကယ်တင်ခဲ့ပြီး နိုင်ငံစတင်တည်ထောင်သူ အဘိုး ကင်မ်အီဆွန်းနှင့်ပတ်သက်၍ ကင်မ်မိသားစုက အလေးအမြတ်ပြုထားသည်။
Source: AP