ကူဝိတ်၊ နိုဝင်ဘာ ၁၆
ကူဝိတ်ဘုရင်သည် ၎င်း၏ အိမ်ရှေ့စံ မင်းသားထံသို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တာဝန်အချို့ကို ယာယီလွှဲအပ်လိုက် ကြောင်း တော်ဝင်မိသားစု၏ အတွင်းဝန်ရုံးက နိုဝင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
မည်သည့်အကြောင်းကြောင့် ယခုကဲ့သို့ တာဝန်လွှဲရကြောင်း ရှင်းရှင်းလင်းလင်း မသိရသေးဟု အေပီသတင်းဌာနက ရေးသားဖော်ပြသည်။
အစိုးရပိုင် KUNA သတင်းဌာနမှ ထုတ်ပြန်သည့် အနှစ်ချုပ် ကြေညာချက်ထဲတွင် အစိုးရအနေဖြင့် အသက် ၈၄ နှစ်ရှိ ဘုရင် ရှိက်နာဝပ်၏ တာဝန်အချို့ကို အိမ်ရှေ့စံမင်းသားထံသို့ လွှဲပြောင်းပေးအပ်ရန် အမိန့်ထုတ်သည် ဟုသာ ဖော်ပြထားသည်။ ယခင်ကတော့ ဘုရင်မင်းမြတ်၏ ကျန်းမာရေးချို့တဲ့မှုကြောင့် တော်ဝင်မိသားစု အတွင်းဝန်ရုံးက အပြောင်းအလဲ လုပ်ခဲ့ရ ဖူးသည်။
ယမန်နှစ် နှောင်းပိုင်းကလည်း ဘုရင် ခွဲစိတ်ကုသမှု ခံယူနေချိန်၌ ရေနံကြွယ်ဝသော ကူဝိတ်နိုင်ငံ၏ အာဏာအချို့ကို အိမ်ရှေ့စံ မင်းသားက ယာယီရယူခဲ့ရသည်။ ယခုဖြစ်စဉ်အပေါ် သဘောထားမှတ်ချက်ပေးရန် အေပီသတင်းဌာန၏ တောင်းခံ ချက်ကို ကူဝိတ်ပြန်ကြားရေးဝန်ကြီးဌာနက ချက်ချင်းတုံ့ပြန်ခြင်း မရှိသေးပေ။
ဘုရင် ရှိက်နာဝပ်၏ အသက်အရွယ်အရ ယခုထမ်းဆောင်နေရသော တာဝန်ဝတ္တရားများသည် ၎င်းကျန်းမာရေးကို စိုးရိမ် ပူပန်စရာ ရှိနေသည်။ မတ်လတွင် ဘုရင်သည် လိုအပ်သော ကျန်းမာရေး စစ်ဆေးမှုခံယူရန် အမေရိကန်သို့ သွားရောက်ခဲ့ ကြောင်း နိုင်ငံပိုင်သတင်းဌာနများက သတင်းဖော်ပြခဲ့ပြီး ဖြစ်သည်။
နန်းတော်တံခါး နောက်ကွယ်တွင် ပြည်တွင်းရေးအာဏာ ရုန်းကန်နေရသည့် အရှေ့အလယ်ပိုင်း ကူဝိတ်နိုင်ငံငယ်လေးတွင် ခေါင်းဆောင်များ၏ ကျန်းမာရေးမှာ ထိလွယ်ရှလွယ် ကိစ္စတစ်ခုအဖြစ် ရှိနေသေးသည်။
လွှတ်တော်နှင့် ကက်ဘိနက် အစိုးရအဖွဲ့အတွင်း တင်းမာမှုများ တိုးလာနေသဖြင့် ပြီးခဲ့သည့် သီတင်းပတ်ကပင် အစိုးရ ရာထူး မှ နုတ်ထွက်သူအချို့ ရှိခဲ့သည်။ ထို့ပြင် ပြည်ပရောက် အတိုက်အခံများ မျှော်လင့်နေခဲ့သော လွတ်ငြိမ်းချမ်းသာခွင့်ကို ကူဝိတ် ဘုရင်က ထုတ်ပြန်ပေးခဲ့သည်။
အမေရိကန်နိုင်ငံ၊ နယူးဂျာစီပြည်နယ်ထက် အနည်းငယ် သေးကွေးပြီး လူဦးရေ ၄ ဒသမ ၁ သန်း နေထိုင်သော ကူဝိတ်နိုင်ငံ သည် ကမ္ဘာပေါ်တွင် ဆဋ္ဌမအကြီးဆုံး ရေနံသိုက်ကို ပိုင် ဆိုင်ထားသည်။ ၁၉၉၁ ခုနှစ် ပင်လယ်ကွေ့စစ်ပွဲ၌ အီရတ်သမ္မတ ဆက်ဒမ်ဟူစိန်က ကူဝိတ်ပိုင် ရေနံတွင်းများကို ကျူးကျော်သိမ်းပိုက်ခဲ့ရာ အမေရိကန်က တိုက်ခိုက်နှင်ထုတ်ပေးပြီးနောက် ကူဝိတ်နှင့်အမေရိကန်တို့သည် ခိုင်မာသော မဟာမိတ်ဖြစ်လာခဲ့ကြသည်။
Source: AP